ကျောင်းပိတ်ရက် ခရီးထွက်ရင်း သတိပြုကြစို့

၁၃  အောက်တိုဘာ

သီတင်းကျွတ်ကျောင်းပိတ်ရက်ကို ရောက်ပြီဆိုတော့ ကလေးလေးတို့အားလုံး ပျော်နေကြမယ်လို့ထင်ပါတယ်။ လူကြီးမိဘတွေကို ကန်တော့ကြတာတွေ၊ မီးထွန်းပွဲတော်သွားကြတာတွေက နေရာတိုင်းမှာ မြင်ရတွေ့ရတာ မမတို့လည်း ကလေးတွေလို ပျော်နေပါပြီ။ ဒီတစ်ပတ်မှာတော့ ခရီးသွားရင်း ကလေးတို့ သတိထားသင့်တဲ့ ယဉ်ကျေးပျူငှာတဲ့ လောကဝတ်လေးတွေအကြောင်း ကလေးတို့ကို ပြောပြလိုပါတယ်။

အပြုံးတွေသယ်ဆောင်

မေမေတို့ဖေဖေတို့နဲ့အတူတူ ခရီးသွားကြရတော့မယ်ဆိုရင် သတိထား ဖို့က ပျော်ပျော်ရွှင်ရွှင်ခရီးသွားဖို့ပဲပေါ့။ မျက်နှာစူစူပုပ်ပုပ်နဲ့ ပျော်ပျော်မနေဘဲ ငိုနေတာ၊ စိတ်ကောက်နေတာတွေဟာ အတူတူသွားတဲ့မောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့လူကြီးတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ပြုံးပြုံး ရွှင်ရွှင် သွားကြဖို့ မမက တိုက်တွန်းပါတယ်။ ဒါကိုအင်္ဂလိပ်တွေက “So take a big smile with you” ဆိုပြီး ခရီးသွားခါနီးမှာ သားသား၊ မီးမီးတို့ကို သတိပေးလေ့ရှိပါတယ်။

ဘယ်ကိုသွားမှာလဲ

မမငယ်ငယ်တုန်းက ဘယ်သွားမှာလဲ၊ ဘာတွေရှိသလဲ၊ ဘာစားရမှာလဲ ဆိုတာတွေ ခဏခဏမေးလွန်းလို့အားလုံးက ရယ်ကြတာခံရဖူးပါတယ်။ ကလေးဆိုတော့ ကားပေါ်ရောက်တဲ့အထိ ဘယ်သွားမယ်ဆိုတာကို မသိနိုင် ဘူး။ ကစားကွင်းသွားတာ၊ ရေကူးကန်သွားတာတွေပြောလိုက်တာနဲ့ သိနိုင်ပေ မယ့် ဘုရားဖူးသွားမယ်၊ လေ့လာရေးပြတိုက်တွေသွားမယ်၊ မြို့တစ်မြို့ကို သွားမယ်ဆိုတဲ့အခါ ဘယ်လိုတွေကြုံရမလဲဆိုတာ သိချင်ကြတာကလေးတို့ အမှားတော့မဟုတ်ပါဘူး။

နေရာတိုင်းမှာ သူ့နေရာနဲ့သူ အယူအဆတွေ၊ ယုံကြည်တာတွေနဲ့ အလေ့အထတွေရှိကြတယ်တဲ့။ ဥပမာပြောရရင် မမတို့နိုင်ငံက ဘုရားတွေ အများစုမှာ ဖိနပ်စီးလေ့မရှိကြဘူး။ ဒါပေမယ့်အချို့နိုင်ငံတွေမှာ ရာသီဥတု ကြောင့်ဖြစ်ဖြစ်၊ အလေ့အထကြောင့်ဖြစ်ဖြစ် ဖိနပ်စီးကြတာရှိတယ်။ ဒါကြောင့် ဘယ်ကိုပဲသွားသွား သွားမယ့်နေရာရဲ့ ထူးခြားမှုလေးတွေရှိသလားဆိုတာ လူကြီးတွေကို မေးထားဖို့လိုပါမယ်နော်။

ရင်းရင်းနှီးနှီးခင်ခင်မင်မင်

ကလေးတို့ရထားကြီးစီးစီး၊ ကားကြီးစီးစီး၊ လေယာဉ်ပျံကြီးပဲစီးစီး၊ သင်္ဘောကြီးကိုပဲစီးစီး ခရီးသွားတဲ့လူအချင်းချင်း ပြုံးပြနှုတ်ဆက်၊ အပြန်အလှန် ဖေးဖေးကူကူနေဖို့လိုတာပေါ့။ “လူတစ်ယောက်ရဲ့အတွင်းစိတ်ကို သိချင်ရင် ခရီးသွားပါ” တဲ့ ဆိုရိုးစကားလည်းရှိတယ်လေ။ ကူညီတတ်၊ ညှာတာတတ်ပြီး ခရီးသွားအချင်းချင်း ပျော်ပျော်ရွှင်ရွှင်သွားတာက အားလပ်တဲ့ အပန်းဖြေရက် တွေကို အားလုံးဝေမျှပြီး ခံစားနိုင်မှာပါ။

မှတ်သားပါ၊ မျှဝေပါ

ကားလမ်းဘေးမှာ မြင်ရတဲ့တောင်ကြီးတွေက ဘယ်လိုမြေအရောင်လဲ။ စပါးပင်တွေ ရင့်မှည့်နေပြီလား။ နေလုံးကြီးက တဖြည်းဖြည်းဘယ်လိုဝင်သွား သလဲ။ စတာတွေကိုခရီးသွားရင်း ကြည့်နိုင်ပါတယ်။ ငယ်ငယ်က ကလေးတို့ မှတ်မိတဲ့ မြင်ကွင်းတွေ၊ အတွေ့အကြုံတွေဟာ ကြီးပြင်းလာတဲ့အခါ ဦးနှောက်ထဲမှာ ဓာတ်ပုံရိုက်ထားသလို ပြန်မြင်ရတတ်ပါတယ်။ ကလေးတို့ ခရီးသွားရင်းလာရင်း မှတ်မိသမျှကို မှတ်မိထားတာဟာ ကြီးလာတဲ့အခါ သဘာဝတရားကြီးနဲ့ လူတွေ၊ တိရစ္ဆာန်လေးတွေကို ပိုပြီးနားလည်ပေးတဲ့သူတွေ ဖြစ်လာစေမှာပါ။

နေလို့ကောင်းတဲ့နေရာ၊ စားလို့ကောင်းတဲ့အစားအစာလေးတွေကို မှတ်ထားပြီး သူငယ်ချင်းတွေကိုလည်း ပြောပြသင့်ပါသတဲ့။ ဒါမှသူတို့လည်း အသိအမြင်ကြွယ်ဝလာမှာပေါ့။ ဒါတင်မကဘူး အဆင်မပြေတဲ့ ခရီးတွေဆိုရင် လည်း သွားမယ့်သူတွေ ဆင်ခြင်နိုင်အောင် အကြံပေးတာမျိုးကို ယဉ်ယဉ် ကျေးကျေး ပြောပြမယ်ဆိုရင် ကျေးဇူးတင်ကြမှာပေါ့။

ကလေးတို့ရဲ့ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ကျောင်းပိတ်ရက်ဖြစ်ကြပါ စေနော်။ ။

မမမေ