ကျောင်းကုန်းမြို့နယ် ယာယီပျံကျဈေးတွင် နှာခေါင်းစည်းများဖြန့်ဝေပေး

ကျောင်းကုန်း ၂၃  မေ

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီက ကျောင်းကုန်းမြို့နယ် ယာယီပျံကျဈေးရှိ ဈေးရောင်း ဈေးဝယ်များအား နှာခေါင်းစည်း အခု(၁၀၀၀) ဖြန့်ဝေပေးခဲ့သည်။

 

ထိုသို့ နှာခေါင်းစည်းများပေးဝေရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တာဝန်ရှိသူများက ယာယီပျံကျဈေးအတွင်း နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ ‌လုံခြုံရေးဆောင်ရွက်နေသော ဂိတ်ဝန်ထမ်းများအား နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ဆင်ကြရန် တိုက်တွန်း နှိုးဆော်လျက်ရှိရာ မတပ်ဆင်သူများအား “ယခုဝယ် ယခုတပ်” စနစ်ဖြင့် နှာခေါင်းစည်း (၃)ခုလျှင် ငွေ ၃၀၀၀ ကျပ်ဖြင့် နေ့စဉ်စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)