"ကောင်းကင်မရှိတဲ့ကြယ်" ရုပ်ရှင်ကားကြီးကို လေးနိုင်ငံ ပူးပေါင်း၍ နိုဝင်ဘာလတွင် စတင်ရိုက်ကူးမည်

အောက်တိုဘာ ၁၂

Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ထုတ်လုပ်ပြီး မြန်မာ၊ ထိုင်း၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့မှ အနုပညာရှင်၊ အတတ်ပညာရှင်များ ပူးပေါင်းရိုက်ကူးသွားကြမည့် "ကောင်းကင်မရှိတဲ့ကြယ်" ရုပ်ရှင်ဇာတ်ကားအတွက် စာနယ်ဇင်းများအား မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ ဩရသက "အင်တာနေရှင်နယ်က DOP ခေါ်တယ်၊ ထိုင်းနဲ့ ဂျပန်က နာမည်ကြီး ပြီးသား၊ အောင်မြင်ပြီးသားကို ခေါ်ရိုက်လို့ ကိုယ့်ကို လက်ခံနိုင်ပါ့မလား စိုးရိမ်စိတ်လည်း ရှိခဲ့ပါတယ်၊ ကျွန်တော် ရိုက်ပြီးသားကားကို ကြည့်ပြီးမှ လေ့လာပြီးမှ လက်ခံကြတာပါ၊ သူတို့နဲ့ ပူးပေါင်းရိုက်တာမို့ နိုင်ငံလေးနိုင်ငံ ပူးပေါင်းတယ်လို့လည်း ပြောလို့ရပါတယ်၊ ကိုယ့်ဘက်က အားနည်းချက်တွေမရှိအောင် အများကြီး အချိန်ယူပြီး အသေးစိတ်ကအစ စဉ်းစားထားပါတယ်၊ ဘာသာစကားတွေကလည်းများတော့ စကားပြန်တွေ အများကြီး ခေါ်ထားရပါတယ်။ ဖေဖော်ဝါရီလကတည်းက ဒီဇာတ်ညွှန်းကို ရေးသားဖန်တီးမှုတွေ လုပ်ခဲ့ပါတယ်၊ ဇာတ်ညွှန်းကို ရှစ်ကြိမ်အထိ ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်၊ ဇာတ်ညွှန်းကိုလည်း ဘာသာစကား လေးမျိုးနဲ့ ရေးရတယ်။ ပုံမှန်ရိုက်နေကျထက် ပိုပင်ပန်းပါတယ်၊ ဇာတ်ကား တစ်ကားကောင်းဖို့ဆိုတာ ဇာတ်ညွှန်းကလည်း အရေးကြီးပါတယ်၊ ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုလည်းဖြစ်တဲ့ကားပါ၊ တကယ်တမ်းဆို ရုပ်ရှင်ငါးကားကို တစ်ပြိုင်တည်း ရိုက်ရသလိုပဲ ခံစားမိပါတယ်"ဟု ပြောသည်။

အဆိုပါ ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကားကြီးတွင် မြန်မာအနုပညာရှင်များ ဖြစ်သည့် နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်၊ အေးမြတ်သူ၊ မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်းတို့နှင့်အတူ ထိုင်းနိုင်ငံမှ အနုပညာရှင်များဖြစ်ကြသည့် Ken Phuphoom၊ Korn Kang၊ Smile Parada နှင့် ဂျပန်နိုင်ငံမှ သရုပ်ဆောင် Emi Takeu တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ပြီး ဇာတ်ဝင်ခန်းများကို နိုဝင်ဘာလအတွင်း စတင်ရိုက်ကူးသွားမည်ဟုသိရသည်။

ကိုလင်း