ကောလင်းမြို့နယ်တွင်  နာနတ်သီးစျေး ပြန်လည်မြင့်တက်သဖြင့် ရောင်းချသူများအဆင်ပြေ

ကောလင်း သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌  နှစ်စဉ် နာနတ်သီးလှိုင်လှိုင်ပေါ်ချိန်တွင် ဗန်မော်မြို့နှင့် မဲဇာဒေသမှ ထွက်သော နာနတ်သီးများကို ကောလင်းစျေးကွက်သို့ ကားများ၊ သုံးဘီးဆိုင်ကယ်များ ဖြင့်  ရောင်းချလျက်ရှိရာ နာနတ်သီးစျေး ပြန်လည်မြင့်တက်သဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ကောလင်းစျေးကွက်တွင်  ဇူလိုင်လက နာနတ်သီးဈေး အသေးတစ်လုံး ၅၀၀၊ အကြီး ၂ လုံး ၁၅၀၀ကျပ် ရောင်းချရသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်ကောလင်းမြို့မစျေးကို သြဂုတ် ၁၁ရက်နေ့မှ ၁၇ရက်နေ့အထိ ယာယီပိတ်ထားခဲ့ရာ ယခု စျေးပြန်ဖွင့်ချိန်တွင် နာနတ်သီးစျေး အသေးတစ်လုံး ၁၀၀၀ကျပ်၊ အကြီးတစ်လုံး ၂၀၀၀ကျပ်အထိ စျေးမြင့်တက်သွားကြောင်း သိရသည်။

နာနတ်သီးရောင်းချသူများအနေဖြင့် နာနတ်သီးများကို ကျေးလက်ဒေသမှ တောင်သူလယ်သမားများအား အဓိကရောင်းချကြရပြီးတောင်သူလယ်သမားများ  ပျိုးနုတ်၊ ကောက်စိုက်ကြရာတွင် ဧည့်ခံကျွေးမွေးကြဖြစ်ကြောင်းနှင့် နာနတ်သီးအသေးတစ်လုံး ၁၀၀၀ကျပ်၊ သုံးလုံးကို ၂၀၀၀ကျပ်၊ အကြီးတစ်လုံး ၂၀၀၀ကျပ်၊ သုံးလုံး ၅၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း နာနတ်သီးရောင်းချသူများထံမှသိရသည်။


နှစ်စဥ် နာနတ်သီးပေါ်ချိန်တွင် ကောလင်းမြို့မှ နာနတ်သီးအရောင်းအဝယ်လုပ်ကိုင်သူများသည် ဗန်မော်မြို့နှင့်အင်းတောမြို့နယ် မဲဇာဒေသရှိ နာနတ်သီးစိုက်ခင်းများသို့ သွားရောက်၍ အကြီး၊ အသေးများကို အလုံးပြတ်ဝယ်ယူရောင်းချကြကြောင်းသိရသည်။
 
မြင့်ထွန်းမင်း(ကောလင်း)

 

mdn