ကောလင်းမြို့နယ်တွင် COVID-19ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်ရန် PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်အသုံးပြုနည်း  လက်တွေ့သရုပ်ပြ

ကောလင်း  ၂၆  စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆရာ ဦးအောင်ဖြိုးသက် (မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့) မုံရွာခရိုင်၊ မုံရွာမြို့မှ လာရောက်၍  COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် PPE ဝတ်စုံ စနစ်တကျဝတ်ဆင်အသုံးပြုနည်း လက်တွေ့ သရုပ်ပြသခြင်းများကို ကောလင်းမြို့နယ်အတွင်ရှိ လူမှုရေးအသင်းအဖွဲ့များမှ Volunteer များတက်ရောက်လေ့လာသင်ယူခဲ့ကြသည်။

 

အဆိုပါ လက်တွေ့သရုပ်ပြခြင်းတွင် PPE  ဝတ်စုံ စနစ်တကျ ဝတ်နည်း၊ချွတ်နည်းများ၊ N95 Mask စနစ်တကျ တပ်နည်း၊ချွတ်နည်း၊ ပိုးတွေ့လူနာစနစ်တကျသယ်ဆောင်နည်း၊ ပိုးတွေ့လူနာအား ကျန်းမာရေးဌာနသို့ ပို့ပြီးပါက Volunteerများ အလုံခန်းတွင်း ပိုးသတ်ဆေးဖြန်းခြင်း၊ သယ်ဆောင်သည့် ကားအား ဆေးဖြန်းခြင်း PPEစနစ်တကျမီးရှိုခြင်းနည်းစနစ်များ သရုပ်ပြသခဲ့ကြသည်။

 

၎င်းသရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ မြို့နယ် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးတို့မှ ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)