ကျောက်တော်မြို့နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆန်အိတ် ၁၅၀ လာရောက်သယ်ဆောင်သည့် AA အကြမ်းဖက်အဖွဲ့ဝင်များအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ၉ ဧပြီ

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံတပ်ဌာနချုပ်က ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိပြီး AA အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုများ၊ ယာဉ်ဝင်ထွက်မှုများ၊ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအား အသုံးပြု၍ ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မှုမရှိစေရေးနှင့် မြို့လုံခြုံရေးအား နေ့ညမပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း။

 

ထိုသို့စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည် ဧပြီ ၄ ရက် ညနေပိုင်းတွင် ဆန်အိတ်များတင်ဆောင်၍ ကျောက်တော်မှ သရက်တပင် ကျေးရွာဘက်သို့  ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာနေ အောင်ဖြိုးသက် (အသက် ၂၀) မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် ယာဉ်ပေါ်၌ ညောင်ချောင်းကျေးရွာ တိုက်ပွဲရှောင်စခန်းသို့ ပို့ဆောင်ရန် ဆန် ၁၅၀ အိတ်နှင့်အတူ ညောင်ချောင်းကျေးရွာအုပ်စု စာရေး ဦးအုန်းနိုင်၊ အသက် ၅၅ နှစ်နှင့် မသင်္ကာဖွယ်ရာ လူငယ် ၁၄ ဦးတို့ကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း။

 

စစ်ဆေးမေးမြန်းချက်များအရ ညောင်ချောင်းကျေးရွာအုပ်စု စာရေးဦးအုန်းနိုင်သည် ကျေးရွာအုပ်စု စာရေးတာဝန်ထမ်းဆောင်လျက်ရှိစဉ် ကျေးရွာရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းမှ ရွာသူရွာသားများစားသုံးရန် လိုအပ်သော ဆန်များကို ကျောက်တော်မြို့၊ အထွေထွအုပ်ချုပ်ရေးမှူးရုံးသို့ လစဉ်တင်ပြတောင်းခံပေးလျက်ရှိကြောင်း၊ ယင်းသို့တောင်းခံရန် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးသန်းအေးက စေခိုင်းလျက်ရှိပြီး တောင်းခံရရှိသောဆန်များအား သုံးပုံပုံ၍ နှစ်ပုံကို တိုက်ပွဲရှောင် ရွာသူရွာသားများထံသို့ ထောက်ပံ့ပေးပြီး ကျန်တစ်ပုံကို AA အကြမ်းဖက်အဖွဲ့ထံသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း၊ AA အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၅ ဦးခန့်သည် တစ်ပတ်လျှင် ၂ ကြိမ်ခန့် တိုက်ပွဲရှောင်စခန်းသို့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးသန်းအေးနှင့်အတူ လာရောက်၍ ယခု ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသူများသည် ဒုက္ခသည်များ မဟုတ်ကြောင်း၊ တော်လှန်ရေးတွင် တိုက်ပွဲဝင်နေကြသူများသာ ဖြစ်သည်ဟု စည်းရုံးဟောပြောမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကို ဦးအုန်းနိုင်ကိုယ်တိုင်  ဝန်ထမ်းတစ်ဦး အနေဖြင့် သိရှိသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ သတင်းပို့တင်ပြခြင်း မရှိသည့်အပြင် ကိုယ်တိုင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ရွာသူရွာသားများအတွက် အကြောင်းပြ၍ ဆန်အိတ်များကို အကြိမ်ကြိမ် တောင်းခံခဲ့ပြီး ဖမ်းဆီးခံရချိန်အထိ ဆန်အိတ်ပေါင်း ၇၆ အိတ်ခန့်အား AA  အကြမ်းဖက်အဖွဲ့ထံ ခွဲဝေပေးလျက်ရှိကြောင်း သိရှိရသည်။

 

မသင်္ကာဖွယ်ရာ လူငယ် ၁၄ ဦးအနက်မှ ကျော်ကျော်နိုင်၏ ထွက်ဆိုချက်များအရ ၎င်းသည် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေစဉ် AA အကြမ်းဖက်အဖွဲ့မှ ဆက်ကြေးတာဝန်ခံ ကျော်ကြီးဆိုသူ၏ စည်းရုံးပြောဆိုမှုများကြောင့် AA အကြမ်းဖက်အဖွဲ့အတွက် ထိုင်းနိုင်ငံတွင် ရောက်ရှိလျက်ရှိသော အလုပ်သမားများထံမှ လူမျိုးရေး အကြောင်းပြကာ ငွေကြေးများ ကောက်ခံခဲ့ပြီး ကျော်ကြီးထံသို့ လစဉ်ပေးသွင်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကွမ်းတုံမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့စဉ်တွင်လည်း တရုတ်နိုင်ငံရောက် ရခိုင်လူမျိုးများထံမှ AA အကြမ်းဖက်အဖွဲ့အတွက် လိုအပ်သောငွေကြေးများကို WeChat မှတစ်ဆင့် ထပ်မံကောက်ခံပေးခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုဗစ် - ၁၉ ကြောင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ညောင်ချောင်းတိုက်ပွဲရှောင်စခန်းတွင် နေထိုင်စဉ် ညောင်ချောင်းကျေးရွာအုပ်စုစာရေး ဦးအုန်းနိုင်နှင့်အတူ ကျောက်တော်မြို့မှ ဆန်အိတ်များ သယ်ဆောင်၍ ပြန်လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

 

စစ်ဆေးမေးမြန်းချက်များအရ မသင်္ကာဖွယ်ရာ လူငယ် ၁၄ ဦးအနက်မှ မောင်မဲတင်၊ မောင်လှဝင်း၊ ဖြူသီး၊ မျိုးကျော်၊ ဦးကျော်လှိုင်၊ စောမင်းဌေး၊ မင်းစိုးမြင့်တို့သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် AA  အကြမ်းဖက်အဖွဲ့၏ အခြေခံတပ်သားသစ်သင်တန်းအား တောတွင်းစခန်းတစ်ခုတွင် တက်ရောက်ခဲ့ကြောင်း၊ ယင်းတောတွင်းစခန်း၌ နေထိုင်လျက်ရှိစဉ် လိုအပ်သော ရိက္ခာသယ်ဆောင်ရန်အတွက် ညောင်ချောင်းကျေးရွာသို့ ထွက်ခွာခဲ့ပြီး ညောင်ချောင်းကျေးရွာအုပ်စုစာရေး ဦးအုန်းနိုင်နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဆန် ၁၅၀ အိတ်အား သယ်ဆောင်၍ ပြန်လာစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အောင်ဖြိုးသက်(ယာဉ်မောင်း)၊ လင်းလင်းချေ၊ ထွန်းထွန်းနိုင်၊ သန်းဝင်းလှိုင်၊ အောင်ကျော်ဆန်း၊ ကျော်မိုးလှိုင်တို့၏ ထွက်ဆိုချက်များအရ ၎င်းတို့အား ညောင်ချောင်းကျေးရွာအုပ်စု စာရေးဖြစ်သူ ဦးအုန်းနိုင်က ကျောက်တော်မြို့သို့ ဆန်အိတ်များ သွားရောက်သယ်ဆောင်ရန် ခြိမ်းခြောက်ပြောဆို၍ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကလည်း ၎င်းကဲ့သို့ ခေါ်ဆောင်မှုများ ရှိခဲ့ပြီး လိုက်ပါခြင်းမရှိသူများကို ကြိုးဖြင့်တုပ်၍ ချုပ်နှောင်ထားသည်ကို မြင်တွေ့ဖူးသဖြင့် လိုက်ပါလာရခြင်းဖြစ်ကြောင်း ကျောက်တော်မြို့မှ ဆန်အိတ်များ သွားရောက်သယ်ဆောင်စဉ် ဆန်အိတ်များသည် AA အကြမ်းဖက်အဖွဲ့အတွက် တစ်ဝက်၊ တိုက်ပွဲရှောင်များအတွက် တစ်ဝက်ဖြစ်သည်ဟု ပြောဆိုသည်များကို ကြားရကြောင်း သိရှိရသည်။

 

အထက်ပါ ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိ ရိက္ခာဆန်များအား ကျောက်တော်မြို့မရဲစခန်းသို့ အပ်နှံ၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်