ကျောက်တော်မြို့၌ အောက်ဆီဂျင်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောက်တော် နိုဝင်ဘာ ၂၈

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ စေတနာရှင်ပြည်သူများ၊ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော အောက်ဆီဂျင်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါစက်ရုံ အဆောက်အဦရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်တော်မြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ သန်းထွန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသော စေတနာရှင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ စက်ရုံဖွင့်ပွဲ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ဝိုင်းနှင့် တွဲဖက်၍ မင်္ဂလာပိုဒ်စုံရတု သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျောက်တော်မြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌမှ စက်ရုံတည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အောက်ဆီဂျင်စက်ရုံအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စက်ရုံတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး စက်ရုံအတွင်း ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။

 

ဆက်လက်၍ စက်ရုံတည်ဆောက်ရာတွင် ပါဝင်ကူညီဆောင်ပေးခဲ့ကြသော အသင်းအဖွဲ့များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။ အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံမှ  တစ်ရက်လျှင် ၄၀ လီတာဆံ့ ဘူးကြီး ၈၀ ဘူးအား ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)