ကျောက်ပန်းတောင်းမြို့နယ် ခါးပတ်ကျေးရွာ၌ ဧက ၂၁၅၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ရာနှုန်းပြည့်ပြီးစီး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၅  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူ လျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကျေးရွာလမ်း၊ တံတားကော်မတီတို့နှင့်အတူ လုပ်ငန်းများကွင်းဆင်းစစ်ဆေး၍ ကျေးရွာကော်မတီထံသို့ လွှဲပြောင်းအပ်ခဲ့သည်။

ထိုသို့ လုပ်ငန်းများကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက သက်ဆိုင်ရာကုမ္ပဏီများ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ခါးပတ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ပြီးမှု အခြေအနေများနှင့် လမ်း၊ တံတားများ ခံနိုင်ဝန်စစ်ဆေးတိုင်းတာခြင်းများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

အဆိုပါကျေးရွာ၌ ကုန်ထုတ်လမ်း၊ တံတား (မြေသား+ဂျင်း) ခင်းခြင်းလုပ်ငန်း အရှည်(၁/၄ ဒသမ ၁၉၆)မိုင်၊ လမ်း အကျယ် ၁၂ ပေ၊ လမ်းထု ၂ ပေ ၉ လက်မ၊ ကုန်ထုတ် Slab Culvert တံတားရှည် ၃ ပေ၊ လမ်းအကျယ် ၂၀ ပေ၊ လမ်းအမြင့် ၃ ပေ (၆)စင်း၊ ရေကျော် လမ်းအရှည် ၆၀ ပေ၊ လမ်းအကျယ် ၂၆ ပေ၊ လမ်းထု ၂ ပေ ၆ လက်မ (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက် ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ရန်ပုံငွေကျပ် (၁၀၀ ဒသမ ၇) သန်းဖြင့် တင်ဒါအောင်မြင်သည့် Mega Glory ကုမ္ပဏီမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ ခါးပတ်ကျေးရွာ ကုန်ထုတ်လမ်း၊ တံတားသည် အဆိုပါ ကျေးရွာရှိ ကျေးရွာရှိအိမ်ခြေ (၄၀၄)အိမ်၊ အိမ်ထောင်စု (၃၇၇)စု၊ လူဦးရေ (၂၁၅၈)ဦး၊ အကျိုးပြု တောင်သူဦးရေ (၁၀၀)၊ အကျိုးပြုလယ်/ယာ မြေဧက (၂၅၀၀) ဧက အကျိုးပြုခံစားရမည်ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းထွန်းထံမှ သိရှိရသည်။

ကိုပြည့်(ကျေးလက်)