ကျောက်ပန်းတောင်း ၇ ဇူလိုင်
ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်စံပြကျေးရွာ နှစ်ရှည်ပျိုးပင်ပေါက်နှင့်ကိုင်းဆက်သုံးရာသီသရက်ပျိုးပင်များ ရောင်းအားကောင်းလျက်ရှိကြောင်း ဆည်ပေါက်စံပြကျေးရွာ ပျိုးပင်မျိုးစုံရောင်းချ ပေးနေသည့် ပန်းဂေဟာစိုက်ပျိုးပင်မျိုးစုံ ရောင်းဝယ်ရေးခြံ ဒေါ်သက်နှင်းဖြိုးထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်စံပြကျေးရွာသည် နှစ်ရှည်ပင်အမျိုးမျိုးနှင့် ပန်းအလှပင်၊ ဝါးအမျိုးမျိုးတစ်ရွာလုံးလိုလို ပျိုးထောင်ရောင်းချနေသည့် ကျေးရွာတစ်ရွာဖြစ်ကာမြန်မာပြည်အရပ်ရပ်သို့ ပျိုးပင်များ တင်ပို့ ရောင်းချနေသည့်ကျေးရွာဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် သုံးရာသီသီး သရက်များ လာရောက်ဝယ်ယူသူများပြားကြောင်းနှင့် သရက်အစေ့ပျိုးထောင် သုံးရာသီသရက်နှင့်ကိုင်းဆက်သုံးရာသီ သရက်တို့ကို ဝယ်ယူသူများပြားလာကြောင်း မန္တလေးဘက်မှ သုံးရာသီ သီးသရက်မျိုးများအား စီးပွားဖြစ် စိုက်ပျိုးနိုင်ရန် ဝယ်ယူကြကြောင်း သိရသည်။
အဆိုပါ သုံးရာသီ သရက်မျိုးများအား မန္တလေး၊ ရန်ကုန်၊ လွိုင်ကော်၊ နတ်မောက်မြို့များသို့ အများဆုံးတင်ပို့ရောင်းချရကြောင်း ဒေါ်သက်နှင်းဖြိုးက ပြောပြသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)