ကျောက်ဆည်မြို့နယ်တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

 

 

ကျောက်ဆည်၊  နိုဝင်ဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ အရောင်းအဝယ် ကောင်းပြီး ဈေးနှုန်း သင့်တင့်သောကြောင့် အဆင်ပြေလျက်ရှိကြောင်း ကုလကျေးရွာမှ ကီလိုမာလကာ စိုက်ပျိုးရောင်းချသူ ဦးအောင်မြင်ထံမှ သိရှိရသည်။

 

“ကျွန်တော်က စပါးကိုအဓိကထား စိုက်ပျိုးတာပါ။ အဲ့လိုစိုက်ပျိုးလာရင်းနဲ့ နေ့စဉ်ဝင်ငွေရဖို့ အခြားသီးနှံလေးလည်း စိုက်ရင်း အဆင်ပြေမှာပဲဆိုပြီး ကီလိုမာလကာ စိုက်ပျိုးထားတာပါ။ မာလကာပင်က ပျိုးပင်လည်း စိုက်လို့ရသလို ကိုင်းကူးလည်း စိုက်လို့ရပါတယ်။ ပျိုးပင်စိုက်တော့ အသီးသီးတာ (၄) နှစ်ကျော်မှ သီးတာပေါ့ ကျွန်တော်စိုက်ထားတာက ကိုင်းကူးမျိုးပါ။ ကိုင်းကူးမျိုးက စိုက်ပြီး (၁) နှစ်ကျော်ရင် အသီးစသီးပြီး ခူးဆွတ်ရောင်းရပါတယ်။ မာလကာပင်တွေက ရေကြိုက်တော့ အစိုဓာတ်မပြတ်အောင် ရေသွင်းပေးရပါတယ်။ ရေဝပ်တာလည်း မကြိုက်လို့ မြေဘောင်တွေပြုလုပ်ပြီး တစ်ပင်နဲ့ တစ်ပင်၊ တစ်တန်းနဲ့တစ်တန်း (၁၂) ပေခြားပြီး စိုက်ပျိုးထားတာပါ။ အဲ့လိုစိုက်ပျိုးမှ ကိုင်းဖြာထွက်နှုန်းနဲ့ အပင်နေရောင်ခြည် အပြည့်အဝရပြီး လေဝင်လေထွက်ကောင်းကာ အသီးလည်းထွားပြီး ရောင်းပန်းလှတယ်” ဟု ကီလိုမာကာ စိုက်ပျိုး ရောင်းချခြင်းများနှင့် ပတ်သတ်၍ ဦးအောင်မြင့်က ပြောပြသည်။

 

ယခုအခါ ကီလိုမာလကာ ဝယ်ယူသူများမှ စိုက်ခင်းနေရာအထိ လာရောက်ပြီး အသီးတစ်လုံးလျှင် ငွေကျပ် ၁၅၀ မှ ၂၂၅ ကျပ်အထိ လာရောက်ဝယ်ယူလျက် ရှိသောကြောင့် ကျောက်ဆည်မြို့နယ်အတွင်းမှ ကီလိုမာလကာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)