ကျောက်ဆည်မြို့နယ်တွင် ၂၀၁၉-ခုနှစ်အတွင်းက မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးသီးနှံနှင့် နွေသီးနှံများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ကျောက်ဆည် ၁၅  ဇူလိုင်


 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၁၉-ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော တောင်သူများ၏ မိုးသီးနှံနှင့်နွေသီးနှံများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်လယ်ယာမြေ စီစစ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ထိခိုက်ပျက်စီးခဲ့သော သီးနှံစိုက်ခင်းများ စာရင်းကောက် အတည်ပြုပုံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးရဲမင်းသောင်းက ပျက်စီးဆုံးရှုံးခဲ့သော သီးနှံအမျိုးအစားများအလိုက် ထောက်ပံ့ငွေကြေးပေးအပ်မှုများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ပျက်စီးဆုံးရှုံးခဲ့သည့် နွေစပါး (၁၁) ဧက၊ နွေနှမ်း (၁၁၂) ဧက၊ နွေပဲတီစိမ်း(၁၁) ဧက၊ မိုးစပါး (၆၇) ဧက၊ မိုးနေကြာ (၁၃၃) ဧက၊ မိုးပဲမျိုးစုံ (၂၃) ဧက စုစုပေါင်း (၃၅၇) ဧက အတွက်၊ နွေစပါးတစ်ဧကလျှင် ငွေကျပ် ၂ သိန်းခွဲ၊ နွေနှမ်း တစ်ဧကလျှင် ငွေကျပ် ၅ သောင်း၊ နွေပဲတီစိမ်း တစ်ဧကလျှင် ငွေကျပ် ၅ ထောင်၊ မိုးစပါးတစ်ဧလျှင် ငွေ ကျပ် ၁ သောင်း၊ မိုးနေကြာတစ်ဧကလျှင် ငွေကျပ် ၅ ထောင်၊ မိုးပဲမျိုးစုံတစ်ဧကလျှင် ငွေကျပ် ၁ သောင်းကျပ် စုစုပေါင်း ငွေကျပ် ၉၉၇၀၀၀၀ အား သီးနှံဆုံးရှုံးခဲ့သည့် သင်တောင်းကျေးရွာမှ တောင်သူ (၅) ဦး၊ ရွာနန်းကျေးရွာမှ တောင်သူ (၉၂) ဦး၊ မင်းစုကျေးရွာမှ တောင်သူ (၂) ဦး၊ ငှက္ကတောင် ကျေးရွာမှ တောင်သူ (၇) ဦး၊ လေးဆယ်ကုန်းကျေးရွာမှ တောင်သူ (၉) ဦး၊ ကိုးပင်ကျေးရွာမှ တောင်သူ (၃) ဦး၊ မုန့်ပေါင်းကျေးရွာမှ တောင်သူ (၈) ဦး၊ လက်ပံဇင်ကျေးရွာမှ တောင်သူ (၂) ဦး၊ ပြည်ပန်းကျေးရွာမှ တောင်သူ (၁) ဦး၊ ဒွေးလှကျေးရွာမှ တောင်သူ (၃၆) ဦးတို့အား အသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)