ကျောက်ဆည်မြို့နယ် ကျီးပြကျေးရွာတွင် ထင်းသုံးစွဲမှုလျှော့ချသုံးစွဲရေး အသိပညာပေး ဟောပြောပွဲကျင်းပပြီး အဆင့်မြှင့်အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေ

ကျောက်ဆည်၊ ဒီဇင်ဘာ ၇

 

ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသည် သဘာဝတောများ ပျက်စီးမှုမရှိစေရေးအတွက် တောညံ့တောများကို ဦးစားပေးကာ ဓမ္မတာမျိုးဆက်နည်းဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိသည့်အပြင် သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်းကို ပိုမိုပြုစေရန်အတွက် ထင်းသုံးစွဲမှုလျော့ကျစေရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ စွမ်းအားမြှင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက မကျီးတောကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးထွန်းက မြန်မာနိုင်ငံတွင် လူဦးရေတိုးတက်များပြား လာသည်နှင့်အမျှ ထင်းလောင်စာသုံးစွဲမှုသည် မြင့်မားဆဲရှိကြောင်း၊ ထင်းလောင်စာသုံးစွဲမှုကြောင့် ရာသီဥတုများပြောင်းလဲလာပြီး မုတ်သုန်ကာလ တိုတောင်းလာကာ မိုးရွာသွန်းမှုနည်းပါးလာခြင်း၊ အပူချိန်ပိုမိုမြင့်တက်လာခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်လာကြောင်းနှင့် နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် သီးနှံထွက်နှုန်းများ လျော့ကျခြင်းလာ၍ ကျေးလက်နေပြည်သူများ ဆင်းရဲမှုဒဏ် ပိုမိုခံစားရမှာ မလွဲဖြစ်ပါကြောင်း စသည့် အသိပညာပေးဆွေးနွေးခြင်းများ ပြောကြားခဲ့ပြီး အဆင့်မြင့် အေဝမ်းမီးဖိုများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် အပူပိုင်းဒေသများ စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ ရေမြေသဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရေး၊ ကျေးလက်နေပြည်သူများ၏ အခြေခံ သစ်တောထွက် ပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ထာဝစဉ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများနှင့် အနှစ်သာရများကို ဒေသခံပြည်သူများ သိရှိနာလည် စေရန်ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူများအား အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ၊ အဆင့်မြင့်အေဝမ်းမီးဖိုများကို လစဉ်ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)