ကစားသမား အင်အား တောင့်တင်းသည့် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားပင် ဆွတ်ခူးနိုင်ဖွယ်ရှိဟု ဆီဗီလာနည်းပြ ဂျာလန်လိုပက်ဇ်တီဂူ ယုံကြည်

၂၀ အောက်တိုဘာ

 

 

ချယ်လ်ဆီးအသင်းမှာ ရာသီအစတွင် ရလဒ်ပိုင်း တည်ငြိမ်မှု မရှိသေးသော်လည်း  စွမ်းဆောင်ရည်မြင့် ကစားသမား အများအပြားကို ခေါ်ယူထားနိုင်မှုကြောင့် ချန်ပီယံလိဂ်ဖလားပင် ရရှိနိုင်သည်ဟု  ဆီဗီလာနည်းပြ  ဂျာလန်လိုပက်ဇ်တီဂူက ချယ်လ်ဆီးနှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ထုတ်ဖော်ချီးကျူးခဲ့သည်။

 

 

ဆီဗီလာနှင့် ချယ်လ်ဆီးတို့သည် မနက်ဖြန် အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းတွင် ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ချယ်လ်ဆီး အသင်းသည် တီမိုဝါနာ၊ ဟာဗက်ဇ် ၊ ဘန်ချီဝဲလ်၊  သီယာဂိုဆေးလ်ဗားနှင့် မန်ဒီ အစရှိသည့် ကစားသမားများကို ယခုနှစ် နွေဈေးကွက်အတွင်းခေါ်ယူနိုင်ခဲ့သည်။

 

 

လိုပက်ဇ်တီဂူက “ကျွန်တော်တို့ အနေနဲ့ ချန်ပီယံလိဂ်ဆွတ်ခူးနိုင်တဲ့ အသင်းကောင်း တစ်သင်းကို ထိပ်တိုက်ရင်ဆိုင်ရတော့မှာပါ။ ချယ်လ်ဆီးဟာ  ငွေကြေးမြှပ်နှံမှု အများအပြား ပြုလုပ်ပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတယ်။ နည်းပြကလည်း အသင်းအကြောင်း အတွင်းသိ အစင်းသိ ဆိုတော့ ဘယ်လိုလုပ်ရင် အသင်းအတွက် သေချာပေါက် ရလဒ်ကောင်းမယ်ဆိုတာ သိထားသူဖြစ်တယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

လိုပက်ဇ်တီဂူက ချယ်လ်ဆီးအသင်းနှင့်  ရင်ဆိုင်ရာတွင်  ဆီဗီလာ၏ အကောင်းဆုံး အဆင့်အတန်း တစ်ရပ်ကို ပြိုင်ပွဲအချိန်အတွင်း ပြသနိုင်ပါမှသာ ရလဒ်ပိုင်း ဆိုးရွားမှုမျိုး ရှောင်လွှဲနိုင်မည်ကို  မိမိအနေဖြင့် သေချာပေါက် နားလည်ထားကြောင်း ဆိုသည်။

 

 

မေလဲ့သင်း