ကြာချည်မျှင်ဖြင့် ရက်လုပ်သည့် ပြည်တွင်းထုတ် ကြာပဝါအထည်များအား ဂျပန်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချ

မန္တလေး ၁၁ ဇန်နဝါရီ

 

ကြာရိုးမှထွက်ရှိသည့် ကြာချည်မျှင်ဖြင့် ရက်လုပ်သည့် ပြည်တွင်းထုတ်ကုန် ကြာပဝါအထည်များအား ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချနေရကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ PAN ORGANIC WEAR ကြာချည်လုပ်ငန်းမှ ကိုနေမျိုးသက်က ပြောသည်။

 

2

 

အဆိုပါလုပ်ငန်းမှ ကုန်ကြမ်းဖြစ်သည့် ကြာချည်မျှင်များကို ကျောက်ဆည်မြို့နယ် စွန်ရဲရွာအနီးရှိ စွန်ရဲအင်းအတွင်း ပေါက်ရောက်ရှင်သန်နေသည့် ကြာပင်များမှ ကြာရိုးများကို ချည်မျှင်အဖြစ် ထုတ်လုပ်သည့် ဒေသခံများထံမှ ဝယ်ယူကာ ရက်လုပ်ရောင်းချခြင်းဖြစ်ပြီး ကြာနှင့် ပိုး ပေါင်းစပ်ရက်လုပ်ထားသည့် ပဝါထည်များအား တစ်ထည်လျှင် ကျပ်တစ်သိန်းကျော်ဖြင့်လည်းကောင်း၊ ကြာချည်မျှင် သီးသန့်ဖြင့် ရက်လုပ်ထားသည့် ကြာပဝါများအား တစ်ထည်လျှင် ငွေကျပ် လေးသိန်းကျော်ဖြင့်လည်းကောင်း ရောင်းချရကြောင်း သိရသည်။

 

“ကြာချည်မျှင်နဲ့ရက်လုပ်တဲ့ အထည်တွေက အင်မတန်ရှားပါးတာပါ။ သူရဲ့ကောင်းမွန်တဲ့ အရည်အသွေးကို ဝတ်ဆင်သူတွေ သိစေချင်ပါတယ်။ ကြာချည်မျှင်နဲ့ ရက်လုပ်ထားတဲ့ အထည်တွေက ဝတ်ဆင်သူတွေကို နွေရာသီမှာ အေးမျှစေပြီး ဆောင်းရာသီမှာတော့ အနွေးဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ သူရဲ့အကောင်းဆုံး အားသာချက်ကတော့ ဝတ်ဆင်ရတာ ပေါ့ပါးပြီး လျှော်ရတာလွယ်ကူပါတယ်။ ဒီကြာပဝါထည်ကို မြန်မာလူမျိုးတွေက လည်ပင်မှာ ပတ်ကြတာများပေမယ့် နိုင်ငံခြားသားတွေကတော့ ခါးမှာ လုံချည်လိုပတ်ပြီး ဝတ်ဆင်ကျတာများပါတယ်။ ဒါကြောင့် နှစ်မျိုးအသုံးပြုလို့ရအောင် ခွဲခြားပြီး ရက်လုပ်ထားပါတယ်။ ကြာပဝါတစ်ထည်ရဖို့ ရက်ကန်းစင်ပေါ်မှာ လူ ၆ ယောက်အဆင့်ဆင့် လုပ်ရပြီး သုံးရက်လောက်ကြာပါတယ်။ နိုင်ငံတကာက ဝင်လာတဲ့ ပိတ်စတွေ အဝတ်အထည်တွေက ဈေးတွေမှာ အလွယ်တကူ အလိပ်လိုက် သွားဝယ်လို့ရပေမယ့် ဒီကြာချည်ကတော့ စောင့်ဆိုင်းပြီးလုပ်ရတဲ့ ရှားပါးတဲ့ ထုတ်ကုန်ဖြစ်တဲ့အတွက် ပြည်တွင်းဖြစ်ကို အားပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ၎င်းက ပြောသည်။

 

PAN ORGANIC WEAR ရက်ကန်းလုပ်ငန်းတွင် ကြာချည်မျှင် ပဝါထည်များအပြင် သဘာဝဆိုးဆေးဖြင့်ရက်လုပ်သည့် လုံချည်များလည်း ထုတ်လုပ်လျက်ရှိပြီး အဆိုပါ ရက်ကန်းလုပ်ငန်းတွင် လူအင်အား ၂၀ ကျော်ဖြင့် ချည်ထည်များကို ထုတ်လုပ်လျက်ရှိသည့်အပြင် မျိုးဆက်သစ်လူငယ်များကိုလည်း ခေါ်ယူမွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

5

 

အဆိုပါ ကြာပဝါများထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ကြာချည်မျှင်များကို စွန်ရဲအင်းဒေသမှ ကြာချည်အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၃ သိန်းမှ ၄ သိန်းကျော်အထိ ဈေးပေးဝယ်ယူရပြီး နှစ်စဉ် ဇန်နဝါရီလမှ မတ်လအထိ ကြာပေါက်ရောက်မှု နည်းပါးကာ ဧပြီလမှစ၍ ကြာများပြန်လည်ပေါများစွာ ပေါက်ရောက်လေ့ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)