ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းရေကျော်မှုနှင့် မြေနိမ့်ပိုင်းရှိ နေအိမ်ခြံဝင်းများသို့ ရေများဝင်ရောက်

ကြာအင်းဆိပ်ကြီး ၃ ဩဂုတ်

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ် ၂ ရက်မှစတင်ကာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် တဂေး ကြာအင်းချောင်းရေလျှံမှုဖြစ်ကာ မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝင်းများအတွင်း ရေများဝင်ရောက်ခြင်းနှင့် ကားလမ်းမကြီး ရေကျော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု ကြာအင်းကြီးကျေးရွာတွင် မြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝင်း ၂၀ ကျော်ခန့်သို့ ရေများဝင်ရောက်လျက်ရှိပြီး ကြာအင်းဆိပ်ကြီး- ကော့ကရိတ်- ကျိုက်ဒုံ ကားလမ်းမကြီးပေါ်သို့ ရေကျော်လျှံကာ မော်တော်ကားငယ်များနှင့် ဆိုင်ကယ်များ သွားလာမှုခက်ခဲလျက်ရှိကြောင်း သိရသည်။

 

ရေလွမ်းမှုအခြေအနေများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ပြီး ခရီးသွားပြည်သူများနှင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်များမှ ဒေသခံပြည်သူများ ဘေးအန္တရာယ် မ‌ဖြစ်ပေါ်စေရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များအား တွေ့ဆုံကာ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)