ဇယားထိပ်ပိုင်းမှ အသင်းအားလုံးအနိုင်ရကာ ဧရာဝတီအသင်း ထိပ်ဆုံးရောက်လာ

၁၂ စက်တင်ဘာ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၅)ကို စက်တင်ဘာ ၁၁၊ ၁၂ ရက်က ဆက်လက်ကျင်းပရာ ဇယားထိပ်ပိုင်းမှအသင်းအားလုံး အနိုင်ရပြီး ဧရာဝတီအသင်း ထိပ်ဆုံးနေရာသို့ ရောက်ရှိလာသည်။

 

စက်တင်ဘာ ၁၂ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက Southern အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ဇယားအောက်ဆုံးတွင် ရုန်းကန်နေရသည့် Southern အသင်းသည် နာမည်ကြီး ရန်ကုန်ကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့သည်။

 

ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် သုံးသင်းစလုံး နိုင်ပွဲရခဲ့သောကြောင့် ရန်ကုန်အသင်းလည်း အမှားမခံဘဲ ဂိုးပြတ်နိုင်ပွဲရယူခဲ့သည်။ ရန်ကုန်အသင်းသည် ခြေစွမ်းအရ အကောင်းဆုံးအနေအထားတွင် မရှိသေးသော်လည်း အနိုင်သုံးမှတ်အတွက် လိုအပ်နေသည့်ဂိုးများ သွင်းယူနိုင်ခဲ့သည်။

 

နှစ်သင်းစလုံးအမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ရန်ကုန်အသင်းတွင် ဂိုးသမားကျော်ဇင်ထက်ကို အနားပေးကာ ဝါရင့်ကွင်းလယ်ကစားသမား ကြည်လင်းကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ရန်ကုန်အသင်း သည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၇ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ကြည်လင်းက အဖွင့်ဂိုး သွင်းယူခဲ့သည်။

 

ရန်ကုန်အသင်းသည် ပွဲချိန်ပြည့်နီးပါး ဖိကစားနိုင်သော်လည်း တိုက်စစ်ကစားပုံမှာ လိုအပ်ချက်များရှိသောကြောင့် ဂိုးရနည်းခဲ့သောကြောင့် ပထမပိုင်းပြီးခါနီးမှ ဂိုးထပ်ရခဲ့ပြီး ၄၄ မိနစ်တွင် မောင်မောင်လွင် ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး မိနစ် ၆၀ တွင် အီမန်နျူရယ်က တတိယအနိုင်ဂိုး သွင်းယူခဲ့သည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက အားကာသိပ္ပံအသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ အမာခံ ကစားသမားအများစု မပါနိုင်သော်လည်း ဧရာဝတီအသင်း ကစားပုံပျက်မသွားဘဲ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

အားကာသိပ္ပံအသင်းသည် ယခုပွဲတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ ဧရာဝတီအတွက် အနိုင်ဂိုးများကို ၁၂ မိနစ်တွင် တင်ဝင်းအောင်၊ ၂၂ မိနစ်တွင် သန်းထက်အောင်၊ ၄၅+၂ မိနစ်တွင် သီဟဇော်၊ ၅၂ မိနစ်တွင် ဝင်းနိုင်ထွန်း၊ ၆၈ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အောင်နိုင်ဝင်းတို့က သွင်းယူခဲ့သည်။ 

 

ဧရာဝတီအသင်းသည် ငါးဂိုးပြတ်အနိုင်ရခဲ့သောကြောင့် ဟံသာဝတီအသင်းကို ဂိုးကွာခြားချက်တွင် အသာရကာ ထိပ်ဆုံးနေရာကို လွှဲပြောင်းရယူနိုင်ခဲ့သည်။

 

စက်တင်ဘာ ၁၁ ရက်က ကစားသည့်ပွဲများတွင် ရှမ်းယူနိုက်တက်အသင်းက မကွေးအသင်းကို ငါးဂိုး-နှစ်ဂိုး၊ ဟံသာဝတီအသင်းက စစ်ကိုင်းအသင်းကို လေးဂိုးပြတ်၊ ရတနာပုံအသင်းက ရခိုင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ပွဲစဉ် (၁၅) အပြီးတွင် ဧရာဝတီနှင့် ဟံသာဝတီအသင်းတို့ ရမှတ် ၃၃ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်ဖြင့် ဧရာဝတီအသင်းက ထိပ်ဆုံးသို့ရောက်သွားပြီး ဟံသာဝတီအသင်းက ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ 

 

ယင်းအသင်းများ၏နောက်တွင် ရန်ကုန်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၂၉ မှတ်စီ၊ ရခိုင်အသင်းက ၁၇ မှတ်၊ ရတနာပုံအသင်းက ၁၃ မှတ်၊ စစ်ကိုင်းအသင်းက ၁၀ မှတ်၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ မကွေးအသင်းက ခုနစ်မှတ်၊ Southern အသင်းက လေးမှတ်ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်