ဇမ္ဗူသီရိမြို့နယ်တွင် ငါးဖမ်းဂိမ်းလောင်းကစား ပြုလုပ်နေသူများအား အမှုဖွင့်အရေးယူထား

နေပြည်တော် ၅ ဧပြီ

 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ ကျော်ဦး၏ နေအိမ်၌ ဧပြီ ၃ ရက် ည ၇ နာရီခွဲက ငါးဖမ်းဂိမ်း လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးစဉ် ကျော်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဆိုပါနေအိမ်၌ လောင်းကစားပြုလုပ်နေသူ ရွှေကြာပင်ရပ်ကွက်နေ မင်းမင်း (၄၅)နှစ်ပါ အမျိုးသား ၄ ဦးတို့အား ငါးဖမ်းဂိမ်းစက် ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ CCTV ကင်မရာ  ၁ လုံး (Memory Stick ပါ)၊ ဆိုင်ကယ် ၁၄ စီး၊ လက်ဆွဲမီးစက် ၁ လုံး၊ ဖုန်း ၂ လုံး၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် မင်းမင်းပါ ၄ ဦးနှင့် ကျော်ဦးအား အမှတ်(၁) ဇမ္ဗူသီရိမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား