ဇိမ်ခံသင်္ဘောမှ ဗိုင်းရပ်စ်ပိုးမရှိတဲ့အတွက် နေရပ်ပြန်ခွင့်ရသူ သြစတေးလျ နှစ်ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိ

၂၁ ဖေဖော်ဝါရီ

 

ဂျပန်နိုင်ငံ ဟိုကိုယားမား ဆိပ်ကမ်းတွင် ၁၄ ရက်တိတိ သီးသန့်ထားခဲ့တဲ့ Diamond Princess ဇိမ်ခံသင်္ဘော ခရီးသည်တွေထဲက ကိုဗစ်19 ဗိုင်းရပ်စ်ပိုးမရှိသူတွေအား နေရပ်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့စပြီး နေရပ်ကို ပြန်ခွင့် ပေးခဲ့ပါတယ်။

 

အိမ်ပြန်ခွင့်ရသူ သြစတေးလျနိုင်ငံသား ၁၆၄ ဦးကို ဗိုင်းရပ်စ်ပိုး ရှိ၊မရှိ ပြန်လည်စစ်ဆေးနေရာ ၆ ဦး စစ်ဆေးအပြီးမှာ ၂ ဦးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ဒီနေ့(သောကြာနေ့) မှာ ထုတ်ပြန် ကြေညာပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်ဦးမှာ တစ်ဦးဟာ အသက်အရွယ်ကြီးသူဖြစ်ပြီး နောက်တစ်ဦးကတော့ အသက်အရွယ် ငယ်ရွယ်သူ ဖြစ်ကြောင်း သိရပါတယ်။

 

အိမ်ပြန်ခွင့်တဲ့ ဂျပန်နိုင်ငံသားဇိမ်ခံသင်္ဘောခရီးသည်တွေကို အတတ်နိုင်ဆုံးမိမိတို့ နေအိမ်များမှာ နေထိုင်ရန်နဲ့ အများသုံးခရီးသွားဝန်ဆောင်မှုတွေကို အသုံးမပြုရန်၊ တကယ်လို့ အသုံးပြုမယ်ဆိုရင် မျက်နှာဖုံးတပ်ဆင်ပြီး အပြင်ထွက်ရန် အကြံပြုထားထားပါတယ်။

 

သြစတေးလျ ကျန်းမာရေးဌာနရဲ့ အကြီးအကဲကတော့ လူထုကို မစိုးရိမ်စေရန်၊ သြစတေးလျနိုင်ငံမှာ ကိုဗစ်19 ဗိုင်းရပ်စ်ရှိသူ နှစ်ဦး တွေ့ရှိကြောင်း၊ အဲဒီလူနာတွေကို ကုသမှုပေးရန် ကောင်းကောင်း ပြင်ဆင်ထားကြောင်း ပြောဆိုပါတယ်။

 

တစ်ဆက်တည်း ဂျပန်နဲ့တောင်ကိုရီးယား နိုင်ငံတွေမှာ ကိုဗစ်19ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ နှစ်ဆနီးပါး တိုးလာရာ အဲဒီနှစ်နိုင်ငံလုံးမှာ ကျန်းမာရေးစနစ်က ကောင်းမွန်တဲ့အတွက် အဲဒီရောဂါပိုးကို ကောင်းမွန်စွာ ကုသပေးမယ်လို့ ယုံကြည်ကြောင်း သြစတေးလျ ကျန်းမာရေးဌာနရဲ့ အကြီးအကဲက ပြောဆိုပါတယ်။

 

သြစတေးလျနိုင်ငံမှာ မူလက ကိုဗစ်19ဗိုင်းရပ်စ်ပိုးရှိသူ ၁၅ဦး ရှိပြီးဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်19ဗိုင်းရပ်စ်ပိုးရှိသူ ၁၅၆ ဦး သေဆုံးသူ ၁ ဦးရှိပြီး ဂျပန်နိုင်ငံမှာ ၉၁ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိကြောင်း သိရပါတယ်။

MDN

ကိုးကား -AFP