ဈေးကွက်ဝင် (ပိုက်သီး) သခွားမွှေးပင်များ စိုက်ပျိုးခြင်းဖြင့် အမြတ်ငွေများစွာ ရရှိနိုင်

မြင်းမူ ၂၁ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံ ခြံစိုက်ပျိုးသီးနှံများအနက် ယခုအခါ  (ပိုက်သီး) သခွားမွှေးပင်များ စိုက်ပျိုး၍ အမြတ်အစွန်းများ ပိုမိုရရှိနိုင်ကြောင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီး သခွားမွှေးစိုက်ပျိုးရေးခြံပိုင်ရှင်ထံမှ သိရှိရသည်။

 

သခွားမွှေးပင် အမျိုးအစားမှာ (၄၃၄)နံပါတ်ဖြစ်ပြီး ပိုက်သီးဟူ၍လည်း ခေါ်ကြောင်း၊ (၁)ဧကလျှင် အပင်(၈၀ဝ၀) စိုက်ပျိုးနိုင်ကာ စိုက်ပျိုးပြီး (၁)လအကြာတွင် အသီးများ စတင်သီးပါကြောင်း၊ ၎င်းအသီးများထဲမှ မိမိစိတ်တိုင်းကျ အသီး(၁)လုံးကို ချန်လှပ်၍ ကျန်ရှိအလုံးများကို (ပယ်လုံး)  ခူးပစ်ရကြောင်း၊ အပူဒဏ်ကို ကြိုက်နှစ်သက်သည့် အပင်မျိုးဖြစ်၍ မိမိတို့ဒေသနှင့် ကိုက်ညီကြောင်း၊   အပင်သက် (၂)လအကြာတွင် ခူးယူရောင်းချနိုင်ပြီ ဖြစ်ကြောင်း သခွားမွှေးပင် စိုက်ပျိုးနေသူ ခြံပိုင်ရှင် ဒေါ်ကြင်ကြင်စန်းထံမှ သိရှိရသည်။

 

သခွားမွှေး စိုက်ပျိုးရာတွင် (၁)ဧက ကုန်ကျစရိတ်မှာ ငွေကျပ်(၁၅)သိန်းခန့် ကုန်ကျပြီး ယခုလက်ရှိ ဈေးကွက် အနေအထားအရ  သခွားမွှေး (၁)လုံးလျှင် ငွေကျပ် ၉၀ဝ နှင့် ၁၀ဝ၀ အထိရှိခြင်းကြောင့် ပျှမ်းမျှ(၁)ဧက အောင်မြင်ဖြစ်ထွန်းပါက ငွေကျပ်(၇၂)သိန်းမှ သိန်း(၈၀)အထိ ရရှိနိုင်ကြောင်း သိရှိရပြီး ဝယ်လက်များမှ ခြံအထိ လိုက်လံဝယ်ယူလျက်ရှိကြကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)