ဈေးကွက်ကန့်သတ်ချက်များ ကျော်လွှား

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၌ အရေးပါသည့်အချက်မှာ ဈေးကွက်ဖြစ်သည်။ ဈေးကွက်၏ အဓိကအဟန့်အတားမှာ လက်ဝါးကြီးအုပ်ခြင်းနှင့် ကန့်သတ်ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားရေး ဖြစ်စေ၊ ပုဂ္ဂလိကစီးပွားရေးဖြစ်စေ မည်သည့်နည်းဖြင့် စီးပွားရေးကောင်းအောင်လုပ်စေကာမူ ဖော်ပြပါ အဟန့်အတားနှစ်ခုကို ကျော်လွှားနိုင်ရန်မှာ လွယ်ကူလှမည် မဟုတ်ပါ။ စီးပွားရေးနယ်ပယ် အားကောင်းပါသည်ဟုဆိုသော နိုင်ငံကြီးများသည်ပင် အဆိုပါ အချက်ဖြင့်ပင်။ ဈေးကွက်၌ လက်မှိုင်ချရသည့်အဖြစ်မျိုး ရှိဖူးပါသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးလောက၌ ကြုံတွေ့နေရသော အခက်အခဲမှာ ယင်းအချက်များ ပင်ဖြစ်သည်။ မည်မျှပင်ကုန်ထုတ် အရင်းအမြစ်များ ကြွယ်ဝသည်ဖြစ်စေ၊ မည်မျှပင် ကုန်ထုတ်စွမ်းအားများ ရှိသည်ဖြစ်စေ ဈေးကွက်လက်ဝါးကြီးအုပ်ခြင်း သို့မဟုတ် ဈေးကွက်ကန့်သတ်ခြင်း ဒဏ်ကိုမခံနိုင်ဘဲ များသောအားဖြင့် အရှုံးနှင့်ရင်ဆိုင်ရပါသည်။ ယင်းအရေးကို သက်ဆိုင်ရာ တို့အနေဖြင့် လုံးဝဖြေရှင်းရေးမှာ မလွယ်ကူဘဲ ပြေလည်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြ ရပါသည်။

 

နည်းလမ်းများကို ရှာဖွေကြရာ၌ နိုင်ငံပိုင်းဆိုင်ရာ စီးပွားရေးအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ နည်းလမ်းကောင်းများ ဖော်ထုတ်နေကြသည်ဖြစ်၍ အခြေအနေကောင်း တစ်ခုတော့ရနိုင်မည်ဟု မျှော်လင့်ပါသည်။ ဈေးကွက်စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန်မှာ မလွယ်ကူသော်လည်း ထုတ်ကုန်လုပ်ငန်း အလှည့်အပြောင်းနှင့် ကုန်သွယ်မှု ချောမွေ့ရေးတို့ဖြင့် လုပ်ဆောင်နိုင်လျှင် စီးပွားရေးအောင်မြင်မှု အတိုင်းအတာ တစ်ခုရရှိနိုင်မည်ဟု ယုံကြည်ပါသည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကို စိုက်ပျိုးစွမ်းအား အရင်းအမြစ်များအပေါ်တွင် မှီခိုအားထားနေရသည်။ ဆန် စပါး၊ ပဲ၊ ပြောင်း၊ ကြံသီးနှံများမှာ အစဉ်အဆက် စိုက်ပျိုးထုတ်လုပ်လာသော အဓိက အားထားရသည့် သီးနှံများဖြစ်သည်။ ယခုအခါ အဆိုပါသီးနှံများ၏ ဈေးကွက်မှာ အကန့်အသတ်နှင့် အခက်အခဲများရှိလာသဖြင့် ယိမ်းယိုင်ချည့်နဲ့လာခဲ့သည်။ အထူးသဖြင့် အဓိကရောင်းဝယ်ဖောက်ကား စားသုံးသီးနှံဖြစ်သည့် ဆန်စပါးဈေးကွက် ကန့်သတ်ချက် ဖြစ်ပေါ်ခြင်းသည် တောင်သူလယ်သမား အများစုအတွက် ထိခိုက်နစ်နာမှုဖြစ်စေသည်။

 

ပဲနှင့် ကြံဈေးကွက်မှာလည်း အလားတူပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံအဓိက စားသုံးသော နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ပဲမျိုးစုံကိုအစဉ်အဆက် တင်သွင်းသည်။ သို့သော် ကမ္ဘာ့စီးပွားရေးပြိုင်ဆိုင်မှု ပြင်းထန်လာချိန်၌ မိမိနိုင်ငံ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရန်အတွက် ပြည်ပသွင်းကုန်များကို ကန့်သတ်မှု၊ ဟန့်တားမှုများ ပြုလုပ်ကြရာ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ပို့ကုန်များပါ ထိခိုက်လာရခြင်း ဖြစ်သည်။ ကြံသီးနှံအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ နေ့စဉ်စားကုန်ဖြစ်သော်လည်း ဈေးကွက် ကန့်သတ်ချက်ကြောင့် ဈေးကွက်ပျောက်နေသည်။

 

ထို့ကြောင့် မိမိတို့၏စီးပွားရေးလုပ်ငန်းများ ကောင်းမွန်ရေး၊ ထုတ်ကုန်ဈေးကွက် ကောင်းမွန်ရေးအတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ကြ ရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် တွဲဖက်နေသဖြင့် နိုင်ငံတကာစံနှုန်းမီသော မွေးမြူရေး လုပ်ငန်းများကို စဉ်းစားသင့်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပပို့ကုန်ပစ္စည်းများတွင် အလားအလာ အကောင်းဆုံးနှင့် ဈေးကွက်ကန့်သတ်ချက်အနည်းဆုံးမှာ ရေထွက်ကုန်ပစ္စည်းဖြစ်၍ ယင်းကို တီထွင်ကြံဆ ရှာဖွေဖော်ထုတ်လုပ်ကိုင်သင့်သည်။ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်မှာ စားနပ်ရိက္ခာ များဖြစ်၍ နိုင်ငံတကာက သတ်မှတ်ထားသော စံနှုန်းများ၊ ဘေးကင်းလုံခြုံ စိတ်ချရသော အစာအာဟာရများ ဖြစ်မည်ဆိုလျှင် ကမ္ဘာ့နိုင်ငံများ စိတ်ဝင်စားမှုမြင့်တက်လာပြီး ဈေးကွက်ကန့်သတ်ချက် လည်း လျော့ကျသွားမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်၊ ပြည်တွင်းစားကုန်နှင့် ပြည်ပစားကုန် တို့ကိုခွဲခြားပြီး စိုက်ပျိုးထုတ်လုပ်ခြင်း၊ အာဟာရပြည့်ဝသော အစားအစာ၊ ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံ၊ ထုပ်ပိုးသိမ်းဆည်းမှု ကောင်းမွန်သော ထုတ်ကုန်များ ဖြစ်အောင် စနစ်တကျ လုပ်ကိုင်နိုင်စေရန် နိုင်ငံတော်၏ အားပေးကူညီမှုကိုရယူပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များ နှင့် တောင်သူလယ်သမား၊ ရေလုပ်သားများ ဟန်ချက်ညီညီ လက်တွဲလုပ်ကိုင်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း။    ။

ကြေးမုံ