ဈေးကွက်စဖွင့်ချိန် ဈေးနူန်းထက် ရော်ဘာဈေး အနည်းငယ် တိုးမြင့်လာ

သုဝဏ္ဏဝတီ   ၈    နိုဝင်ဘာ

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ ရော်ဘာရောင်းဝယ်ရေးဈေးကွက်သည် ယခုနှစ် ဈေးကွက် ဖွင့်ချိန်က ဈေးနှုန်းထက် အနည်းငယ် မြင့်တက်လာ၍  ပိုမိုဝယ်ယူရရှိနေကြောင်း သိရသည် ။

 

 ကျွန်တော်မိသားစုနဲ့ တစ်နိုင်တစ်ပိုင် ရော်ဘာစေးခြစ်ယူပြီး တစ်ချို့ခြံတွေကို ထက်ဝက်စား (အလုပ်သမား/ ခြံရှင် အကျိုးအမြတ် တစ်ဝက်စီ ခွဲဝေယူခြင်း) ခြစ်ယူပါတယ်၊ စုစုပေါင်း ရော်ဘာပြား ၃၀ ခန့်(တစ်ပြားကို ၂ ပေါင်ခန့်) ရရှိပါတယ်၊ ၁၅ ရက်/တစ်လ တစ်ခါ လာရောင်းတာပါ၊ ရော်ဘာဈေးနူန်း တက်လာရင်တော့ မိသားစုအတွက် အဆင်ပြေပါတယ်၊ ဈေးနှုန်းမကောင်းတော့ ဖော့မစ်အက်စစ် မသုံးနိုင်ပါဘူး။ ဆာလဖြူရစ် အက်စစ်ကို ဒီဘက်နယ်တစ်ခုလုံး သုံးပါတယ်ဟု ရော်ဘာပြား လာရောက်ရောင်းချသူ ငါးကြီးအင်း ကျေးရွာသား တစ်ဦးက ပြောသည် ။

 

ပွဲတော်ရက်ဆိုတော့ လာရောက်ရောင်းချသူ များပါတယ်၊ ဒီနေ့ နိုဝင်ဘာ ၈ ရက် ပေါက်ဈေးက ရော်ဘာတစ်ပေါင် (မှိုင်းကျ) ငွေကျပ် ၇၇၅ နဲ့ ဝယ်ပါတယ် ၊တစ်နေ့ကို ရော်ဘာပေါင် တစ်သောင်းခွဲကနေ နှစ်သောင်းကျော် နေ့စဉ် ဝယ်လို့ ရနေပါတယ်၊ ဈေးတက်တာကို စောင့်ရောင်းမယ့် ရော်ဘာခြံရှင် တွေလည်း ရှိပါတယ်၊ ဒီထက် ပိုမိုဝယ်ယူရနိုင်ပါတယ် ၊ ငွေကြေးအရ တစ်နေ့နဲ့တစ်နေ့ ဈေးနှုန်း မတူဘဲ ပြောင်းလဲ ဝယ်ယူနေရပါတယ်  ဟု သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် ရွှေလက်ဆောင် ရော်ဘာရောင်းဝယ်ရေးထံမှ သိရသည် ။

 

မွန်ပြည်နယ်သည် နိုင်ငံအတွင်း ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်လာစေရန်အတွက် ရော်ဘာဈေးကွက် ဈေးနှုန်း မတည်ငြိမ်မှုက အဓိက ပြသာနာတစ်ခု ဖြစ်နေကြောင်း သိရသည် ။

 

ခွန်(ဝင်းပ)