“Invest Myanmar Summit 2019” တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှပ်နှံမှု စီမံကိန်း ၁၂၀ ကျော်အားပြသမည်

နေပြည်တော် ၂၅  ဇန်နဝါရီ

နေပြည်တော်ရှိ MICC-2 တွင် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ကျင်းပသွားမည့် “Invest Myanmar Summit 2019” ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိ ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်း စီမံကိန်း ၁၂၀ ကျော်အား ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

“Invest Myanmar Summit 2019” ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ “Invest Myanmar Summit 2019” ပြည်သူ့ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ စီမံကိန်းဘဏ် (National Project Bank) ဖြစ်ပြီး အရေးပါသော စီမံကိန်းဆိုင်ရာ အချက်အလက်များအား တစ်နေရာထဲတွင် စုဆောင်းထားရှိမည်ဖြစ်ကြောင်းသိရသည်။

၎င်းသည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အား ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း Invest Myanmar ၏ထုတ်ပြန် ချက်အရသိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် ရင်းနှီးမြှပ်နှံနိုင်သော အခွင့်အလမ်းများထဲမှ မန္တလေးတိုင်းရှိ မြို့သာစက်မှုစီမံကိန်းသည် ပြည်သူ့ရင်းနှီးမြှပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ်၏ စီမံကိန်းများအနက် တန်ဖိုးအမြင့်ဆုံးဖြစ်ကြောင်း၊ အခြေခံအဆောက်အဦနှင့် လုပ်သားအင်အားများစွာ လိုအပ်သော အစားအသောက်ကုန်ထုတ်လုပ်ခြင်းနှင့် သစ်ထုတ်လုပ်ခြင်းကဏ္ဍများ၊ အရင်းအနှီးများစွာ လိုအပ်သော ဆေးဝါးထုတ်လုပ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်ထုတ်လုပ်မှုကဏ္ဍများ၊ စားသုံးသူနှင့် ထုတ်လုပ်သူတို့အား ဝန်ဆောင်မှုပေးမည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍများ စသည့် ကဏ္ဍ ၅ ခုတွင် အလုပ်အကိုင်အခွင့်အလမ်း ၃၃၇၀ဝ ကျော်အထိတိုးမြှင့် ရှာဖွေပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

“Invest Myanmar Summit 2019” သည် စီးပွားရေးလုပ်ငန်းများ တွေ့ဆုံဖလှယ်နိုင်ရန် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရနှင့် စီးပွားရေး အဖွဲ့အစည်းတို့မှ ပူးပေါင်းဆောင်ရွက်ပြီး နှစ်ရက်တာကျင်းပမည့် ပြပွဲအတွင်း ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိ နိုင်မည်ဖြစ်၍ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်သည့် အခွင့်အလမ်းရရှိနိုင်သည့် ပွဲဖြစ်ကြောင်းသိရသည်။

ဟန်လင်းနိုင်