ဟုမ္မလင်း​မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေး

ဟုမ္မလင်း စက်တင်ဘာ ၁၅

 

ဟုမ္မလင်းမြို့၌ ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို စက်တင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်ရှိ  ဆုတောင်းပြည့်စေတီ (ဓမ္မာရုံ)ခန်းမ  နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်​ပေးရာသို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာများ ရဲစခန်း ထောက်ခံစာများနှင့် သက်ဆိုင်ရာ ထောက်ခံစာများကို အခမဲ့ လာရောက်ဆောင်ရွက်ပေးလျက် ရှိသည်။

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စက်တင်ဘာလ ၁၂ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ပြီး ယနေ့အထိ အသက် (၁၀)နှစ်မှ အသက်(၁၈)နှစ်​ပြည့် (၃၄၉)ဦးအား မှတ်ပုံတင် လဲလှယ်ပေးခြင်း အသက်(၁၈)ပြည့် (၁၂)ဦးအား မှတ်ပုံတင်ထုတ်ပေးခြင်း မှတ်ပုံတင်ပျောက်ဆုံး/ပျက်စီး ( ၉၅)ဦး အား မှတ်ပုံတင်မိတ္တူထုတ်ပေးခြင်း စုစုပေါင်း (၄၅၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးအခမဲ့ (ကောက်ယူ)ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်/ နောင်ပကျစ် ရပ်ကွက်/ ညောင်ပင်သာကျေးရွာအုပ်စုနှင့် ခေါင်ခမ်းကျေးရွာအုပ်စုတို့ကို ဟုမ္မလင်းမြို့ ခိုပဲဝရပ်ကွက်ရှိ ဆုတောင်းပြည့်စေတီ (ဓမ္မာရုံ)၌လည်းကောင်း နတ်နန်း ကျေးရွာအုပ်စုနှင့် အချို့ကျေးရွာများ တွင်လည်းကောင်း အုပ်စုဖွဲ့ကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ချန်လော (ဟုမ္မလင်း)