ဟံသာဝတီဦးဝင်းတင်ပြောပြသည့် ဗိုလ်ချုပ်အကြောင်း

တွေ့ဆုံမေးမြန်း

အွန်လိုင်းဝဏ္ဏ

 

မေး။ ။ ဆရာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့ခဲ့ဖူးတယ်ဆိုတော့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အမှတ်တရ ဖြစ်ရပ်တွေကို ပြောပြပါဦး။

 

ဖြေ။ ။ ကျွန်တော် အာဇာနည်နေ့ကိုပြောချင်တာက ဒီလိုဗျ။ ကျွန်တော် စောစောကပဲ မီဒီယာတွေနဲ့ အင်တာဗျူးလုပ်ထားတာရှိတယ်။ ကျွန်တော်ရုတ်တရက် စကားတစ်ခွန်းပေါ်လာတယ်။ အာဇာနည်နေ့မှာ ပြောစရာတွေက အများကြီးပေါ့ဗျာ။ နယ်ချဲ့လုပ်ကြံမှုတွေက ဘယ်လိုရှိတယ်… ပြောစရာတွေကတော့ အများကြီးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်ပြောလိုက်တာ နှစ်ခုပဲ ရှိတယ်။

 

တစ်က ဘာလဲဆိုတော့ အဲဒီအချိန်မှာ နယ်ချဲ့သမားက ရှင်းရှင်းပြောရရင် လွတ်လပ်ရေးမပေးချင်ဘူး။ လွတ်လပ်ရေး ပေးဖို့ ရည်ရွယ်ချက်မရှိဘူး၊ မပေးဘူးဆိုတာ ရှင်းရှင်းလေးပဲ။ နယ်ချဲ့သမားဟာ ဗမာပြည်ထဲ ပြန်ရောက်လာတယ်။ ရောက်လာတဲ့နောက် ဘုရင်ခံတွေဘာတွေ ရောက်လာပြီးတဲ့နောက် ဘုရင်ခံကနေပြီးတော့ ဆာပေါ်ထွန်းတို့ဘာတို့နဲ့ အစိုးရအဖွဲ့တွေဖွဲ့၊ သူတို့နယ်ချဲ့နဲ့ လက်တွဲပြီးလုပ်နိုင်မယ့်သူတွေနဲ့ လုပ်ခဲ့တယ်။ မွေးခဲ့တဲ့သူတွေလည်း မွေးခဲ့တယ်။ ဦးစောလိုလူတွေ မွေးခဲ့တယ်။ နောက်တစ်ခါ နိုင်ငံရေးသမားဟောင်းတွေထဲကလည်း အင်္ဂလိပ်အလိုတော်ရိတွေ လုပ်ခဲ့တယ်။ နောက်တစ်ခါ အင်္ဂလိပ်ဝန်ထမ်းဟောင်းတွေကို ပြန်ပြီးတော့ ပင်စင်လစာတို့၊ ဘာတို့ ပေးခဲ့တယ်။ နောက်ပြီးတော့ ပျိုးထောင်ဖို့လုပ်နေတယ်။ အဲဒီအချိန်မှာ ဒါကနယ်ချဲ့လွတ်လပ်ရေးမပေးချင်တဲ့ အင်အားစုတွေ ဘက်ကရှိနေတဲ့ နယ်ချဲ့အင်အားစုတွေပေါ့။ နယ်ချဲ့အင်အားစုပဲခေါ်ခေါ်၊ ကိုလိုနီအင်အားစုပဲခေါ်ခေါ် သို့မဟုတ်ရင်လည်း ဖောက်ပြန်ရေးအင်အားစုပဲခေါ်ခေါ် ဒါကတစ်ဖက်။

 

သူတို့ကလည်း တစ်လျှောက်လုံးကို ဗမာပြည်မှာ နှစ်ပေါင်းရာနဲ့ချီပြီး ကြီးစိုးခဲ့တယ်။ ပထမ အင်္ဂလိပ်-ဗမာ စစ်ပွဲကတည်းက ကြီးစိုးခဲ့တယ်။ နောက် ဗမာပြည်ကနေဆုတ်ခွာပြီး ဗမာပြည်ထဲကို ပြန်ဝင်လာတယ်။ ဒီမှာလည်း သူတို့ရဲ့အသိုင်းအဝိုင်းတွေ အများကြီးရှိတယ်။ ပညာရေးစနစ်အားဖြင့် သို့မဟုတ်လည်း ဝန်ထမ်းစနစ်အားဖြင့်၊ ပြည်သူပြည်သားအပေါ်မှာ ဖိနှိပ်ချုပ်ချယ်ပြီးတော့ ကန့်သတ်ထားတဲ့ စီးပွားရေးကုပ်သွေးစုပ်မှု စနစ်အားဖြင့် တိုင်းပြည်မှာ သူတို့ရဲ့ဩဇာအာဏာက အကြီးအမားကြီးကို ရှိနေတာ။

 

ဒီဩဇာအာဏာတွေ ပြန်လည်ထူထောင်တည်ဆောက်ဖို့ နောက်တစ်ခါ သူတို့ပြန်လာတဲ့အခါမှာလည်း စစ်ရှုံးပြီးတော့ ထွက်ပြေးပေမယ်လို့ ပြန်လာတဲ့အခါမှာ စစ်နိုင်တဲ့လူအနေနဲ့ပြန်လာတာ။ ရှင်းရှင်းပြောရရင် စစ်နိုင်တဲ့လူအနေနဲ့ ပြန်လာပြီးတော့ ဗမာပြည်နိုင်ငံရေးကို သူတို့ကြိုးကိုင်ခြယ်လှယ်ချင်တာကတော့ သူတို့မှာရှိမှာပေါ့။ ဒါသေချာတာ ပေါ့။ ဒီအခြေအနေတွေကြောင့် တစ်ဖက်ကနေပြီးတော့ ဒီလွတ်လပ်ရေးကို မပေးဘူးဆိုတဲ့ အင်အားစုတွေ ရှိတယ်ဆိုတာကို ပထမတို့နားလည်ရမယ်။

 

နောက်တစ်ချက် ဘာရှိလဲဆိုတော့ လွတ်လပ်ရေးကိုရအောင် တောင်းဆိုမယ်။ တို့လွတ်လပ်ရေးမှတစ်ပါး ဘာမှမလိုချင်ဘူး။ လုံးဝလွတ်လပ်ရေးပဲ လိုချင်တယ်ဆိုတဲ့ အင်အားစုတွေကလည်းရှိတယ်။ ဒီအင်အားစုတွေမှာ ခေါင်းဆောင်ကတော့ ဗိုလ်ချုပ်အောင်ဆန်းပေါ့ကွာ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းဆိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဟာ ဒီလိုပဲ မနေ့တစ်နေ့ကမှပေါ်လာပြီး ပါတီဖွဲ့ပြီးတော့ လွတ်လပ်ရေးပေးဆိုတဲ့ တောင်းဆိုမှုမျိုးလုပ်နေတာ မဟုတ်ဘူး။ သူလည်း တိုက်ပွဲတွေကြားထဲကနေပြီး ထွက်လာတာ။ သူလည်း ကျောင်းသားခေါင်းဆောင်တွေ ဘာတွေလုပ်ခဲ့တယ်။ တကသတို့ ဘာတို့လုပ်ခဲ့တယ်။ ဒီနယ်ချဲ့အလိုတော်ရိတွေနဲ့လည်း တိုက်ပွဲတွေဝင်ခဲ့တယ်။ နောက် သူကိုယ်တိုင် တို့ဗမာအစည်းအရုံးတို့ ဘာတို့မှာ ဝင်ပြီးတော့ ခေါင်းဆောင်တွေ ဘာတွေဖြစ်လာခဲ့တယ်။ ဒီခေါင်းဆောင်ဖြစ်လာရင်းကနေပြီးတော့ နယ်ချဲ့ဆီက လုံးဝလွတ်လပ်ရေးကို တောင်းတဲ့အခါတိုင်း နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တယ်။ ဥပမာ ဒေါက်တာဘမော်လို ပုဂ္ဂိုလ်မျိုးနဲ့ပေါင်းပြီးတော့တောင်မှ ဒီဗမာ့ထွက်ရပ်ဂိုဏ်း ဆိုတာမျိုးတွေမှာ အတွင်းရေးမှူးတွေ ဘာတွေလုပ်ခဲ့တယ်။ နောက်ပြီးတော့ ဗမာပြည်ကွန်မြူနစ်ပါတီမှာလည်း ပါဝင်ပြီးတော့ လှုပ်ရှားခဲ့တဲ့ဟာတွေ (၁၉၃၈) လောက်ကတည်းကစပြီး ပါဝင်လှုပ်ရှားတာတွေ ရှိတယ်။

 

သူလည်း နည်းမျိုးစုံနဲ့ကြိုးပမ်းတာပဲ။ ဒီတစ်ဖက်ကနေပြီးတော့ လွတ်လပ်ရေးကို မပေးချင်တဲ့အင်အားစုတွေက နည်းမျိုးစုံနဲ့ သူတို့ရဲ့ လက်ကိုင်တုတ်တွေ မွေးတယ်၊ သူတို့ရဲ့ လက်ပါးစေတွေ မွေးတယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေ တည်ဆောက်တယ်။ သူတို့ရဲ့ဩဇာတွေ၊ အာဏာတွေထူထောင်တယ်။ ဥပမာဆိုပါတော့ နယ်ချဲ့ကလည်း ဆရာစံလို လယ်သမားသူပုန်ကြီးပေါ်လည်း နှိပ်ကွပ်ပစ်လိုက်တာပဲ။ နောက်တစ်ခါ (၁၉၃၈)အလုပ်သမား အရေးအခင်းလို၊ ရေနံမြေသပိတ်ကြီးပေါ်လည်း နှိပ်ကွပ်ပစ်လိုက်တာပဲ။ ဒါတွေ သူတို့လည်း အများကြီးလုပ်ခဲ့တာ။

 

အလားတူပဲ တို့ဘက်ကလည်း ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်တွေကလည်း လုံးဝလွတ်လပ်ရေးရဖို့အတွက်ကို နည်းမျိုးစုံနဲ့ ကြိုးပမ်းတာပဲ။ နိုင်ငံရေးအားဖြင့်လည်း နည်းမျိုးစုံနဲ့ကြိုးပမ်းတာ။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် တစ်ခုတည်းပြောလို့မရဘူး။ ဗိုလ်ချုပ်အောင်ဆန်းက ကွန်မြူနစ်ပါတီလည်း ခေါင်းဆောင်ဖွဲ့တဲ့ထဲမှာ သူပါခဲ့တယ်။ အလားတူပဲ သူကျောင်းသားသပိတ်တို့ ဘာတို့ဆိုလည်း သူပါခဲ့တယ်။ အလားတူပဲ နောက်ဆုံး ဒေါက်တာဘမော်လို ဖောက်ပြန်ရေးအစိုးရ တိုင်းပြည်ကနေပြီးတော့ ဒေါက်တာဘမော်ဆိုရင် အိုအို့လို့တောင်မှ ခေါ်ပြီးလုပ်တဲ့ ဒီပုဂ္ဂိုလ်မျိုးနဲ့လည်းတွဲပြီးတော့ ဗမာ့ထွက်ရပ်ဂိုဏ်း ဆိုတာ ထူထောင်ခဲ့တဲ့ပုဂ္ဂိုလ်။ နောက်ဆုံး ဒီဗမာပြည်ကွန်မြူနစ် ပါတီက တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ဖို့ဆိုပြီးတော့ ဒီဗမာပြည်ကနေထွက်သွားတာ။ ထွက်သွားပြီး ဟိုမှာ ဆက်သွယ်တဲ့အခါ မအောင်မြင်ဘဲနဲ့ ဟိုင်နန်ကျွန်းတို့ ဘာတို့မှာ သောင်တင်နေတဲ့အချိန်မှာ ဂျပန်နဲ့ သွားဆက်မိပြီးတော့ ဂျပန်ဖက်ဆစ်တွေခေါ်လာတဲ့ အခြေအနေမျိုးရောက်ခဲ့တာ။

 

ဆိုလိုတာက ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရဖို့အတွက် နည်းမျိုးစုံနဲ့ကြိုးပမ်းတာ။ နိုင်ငံရေးကို ပုံစံမျိုးစုံနဲ့လည်း စမ်းသပ်တာပဲ။ နိုင်ငံရေးမှာလည်း ဖြစ်နိုင်တဲ့လမ်းကြောင်းတွေ အကုန်လုံးကို ရှာခဲ့တာပဲ။ အဲဒီလို ရှာခဲ့ပြီး နောက်ဆုံးကျ ဖက်ဆစ်တွေကလည်း ဘာပဲပြောပြော ဒီအရှေ့တောင်အာရှကို တက်သိမ်းမယ်ဆိုတဲ့ စီမံကိန်းက ရှိပြီးသား၊ ချပြီးသားဖြစ်တဲ့အခါကျတော့ အဲဒီထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ကလည်း ရှောင်လွှဲလို့မရဘူး။ အဲဒီအခါမှာ ဘာပဲပြောပြော ပထမဆုံးအကျိုးရလဒ်ကတော့ ဘာရနိုင်တုန်းဆို နယ်ချဲ့အင်္ဂလိပ်ကို မောင်းထုတ်နိုင်တဲ့ အနေအထားရနိုင်တယ်။ ဒီလှိုင်းကြီးကလာနေပြီဆိုတာ သိတဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းတို့က ဝင်ပြီးတော့ စီးခဲ့တယ်။ နယ်ချဲ့အင်္ဂလိပ်တွေကို မောင်းထုတ်ဖို့ကြိုးပမ်းခဲ့တယ်။

 

ဒါလည်း သူ့ရဲ့လွတ်လပ်ရေးကြိုးပမ်းမှု လုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့လည်း ပြောလို့ရတယ်။ အဲဒီအနေအထားကြီး ကနေပြီးတော့ နောက်ဆုံး စစ်လည်းပြီးရော ဗိုလ်ချုပ်အောင်ဆန်းတို့က ဖဆပလဆိုတဲ့ ဖက်ဆစ်တော်လှန်ရေးဆိုတဲ့ ကာလအတွင်းမှ တည်ဆောက်ခဲ့တဲ့ ဒီဖဆပလဆိုတဲ့ ပြည်သူ့အင်အားစုကြီးကို ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒီထဲမှာ ကွန်မြူနစ်ပါတီလည်း ပါတယ်။ ပြည်သူ့အရေးတော်ပုံဆိုတဲ့ ဆိုရှယ်လစ်ပါတီလည်းပါတယ်။ အခြားသော အခြားသော နိုင်ငံရေးအင်အားစုတွေ၊ ပါတီတွေ အကုန်လုံးပါဝင်ပြီးတော့၊ ပေါင်းစည်းပြီးတော့ ပြည်သူ့တာဝန်ကြီး တစ်ရပ်ကို ထူထောင်ခဲ့တယ်။ ဖဆပလဆိုတာ ဒီအင်အားစုကြီးနှစ်ခုက သွားပြီးတော့တွေ့တာပဲ။ ဒီကာလမှာ။ (၁၉၄၆-၄၇) ပေါ့။

 

အင်္ဂလိပ်ကတော့ (၁၉၄၅) လောက်ကတည်းက ပြန်ဝင်လာတာပေါ့။ (၁၉၄၆)လောက်ရောက်မှ အခြေတကျနဲ့ နိုင်ငံရေးတို့ဘာတို့နဲ့ ဝင်လာနိုင်တယ်။ ဝင်လာပြီးတော့ (၁၉၄၆) ကာလတစ်ခုလုံးကျော်ဖြတ်ပြီးတော့ (၁၉၄၇) လည်းကျတော့ ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံတဲ့ အချိန်ရောက်တာပဲ။ ဆိုတော့ ဒီအင်အားစုနှစ်ခုရဲ့ ထိပ်တိုက်တွေ့တဲ့နေရာမှာ ဘာသွားပြီးတော့ ငါ သတိထားမိလဲဆိုတော့ နယ်ချဲ့သမားဘက်ကလည်း ဘာပဲပြောပြော အကြမ်းဖက်တဲ့နည်းပေါ့။ နှိပ်ကွပ်တဲ့နည်း၊ လူသတ်ဝါဒကျင့်သုံးတယ်။ ဘာလို့လဲဆိုတော့ လူသတ် ဝါဒက အဲဒီအချိန်မှာ တစ်ကမ္ဘာလုံးမှာ လူသတ်ဝါဒက ထွန်းကားနေတယ်။ ထွန်းကားတုန်းပဲ။ နိုင်ငံရေးမှာလည်း လူသတ်ဝါဒတွေရှိခဲ့တယ်။ အိန္ဒိယတို့ ဘာတို့မှာလည်း မြောက်မြားစွာ လူသတ်ဝါဒတွေရှိခဲ့တယ်။ တရုတ်ပြည် လိုဟာမျိုးမှာလည်း နိုင်ငံရေးအားဖြင့် လူသတ်ဝါဒတွေ အများကြီးရှိခဲ့တယ်။

 

အလားတူပဲ ဒီတောင်ပိုင်း အင်ဒိုနီးရှားလိုဟာမျိုးမှာ ဒတ်ချ်နယ်ချဲ့ သမားတွေနဲ့ပေါင်းစည်းပြီးတော့ လူသတ်ဝါဒတွေ ထွန်းကားခဲ့တယ်။ ဖိလစ်ပိုင်လိုဟာမျိုးမှာလည်း စပြီပေါ့။ ဆိုတော့ လူသတ်ဝါဒဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အချိန်ပဲ။ အဲဒီလူသတ်ဝါဒကို အခြေပြုပြီးတော့ နယ်ချဲ့သမားကလည်းပဲ ဒီအကြမ်းဖက်တဲ့နည်း၊ လူသတ်ဝါဒနည်းကို ကျင့်သုံးပြီးတော့ လွတ်လပ်ရေးအင်အားစုတွေကို ဖြိုခွင်းဖို့လုပ်ကြတာ အဲဒီအချိန်မှာ။ ဒါက တစ်ခု။

 

အလားတူပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ ပြည်သူ့အင်အားစုတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ အင်အားစုတွေ ကလည်း နိုင်ငံရေးတည်ဆောက်မှုအားတွေကို အကုန်လုံးယူတယ်။ နိုင်ငံရေးအင်အား တည်ဆောက်မှုယူတဲ့နေရာ မှာ ပြည်သူ့ရဲ့ ဖက်ဆစ်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ပြည်သူ့ရဲဘော်တွေ ဘာတွေဆိုတဲ့ လက်နက်ကိုင်အင်အားစု တွေကို စုစည်းတယ်။ တစ်ခါ အမျိုးသမီးတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားလူငယ်တွေဆိုတဲ့ ပညာတတ်တွေ၊ ဒီအင်အားစုတွေ အကုန်လုံးကိုယူပြီး နိုင်ငံရေးပါတီ အင်အားစုတွေလည်း အကုန်လုံးစုစည်းပြီးတော့ ပြည်သူ့တပ်ဦးကြီးဖြစ်အောင် လုပ်ခဲ့တယ်။ အဲဒီ ပြည်သူ့တပ်ဦးကြီးမှာ အရေးအကြီးဆုံးဟာက ဘာလဲဆိုတော့ တိုင်းရင်းသားတွေကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးတောင်းဆိုမှုဘက်က ရပ်တည်တယ်ဆိုတဲ့ ပင်လုံလိုဟာမျိုးက ဒါအဓိကအကျဆုံး အင်အားကြီးပဲ။

 

ဒီအင်အားကြီးရဲ့ လက်နက်ကဘာလဲဆိုတော့ ဒီမိုကရေစီလက်နက်ပဲ။ ပြည်သူ့ဆန္ဒတွေ ဖော်ထုတ်မယ်၊ ပြည်သူရဲ့တောင်းဆိုချက်တွေနဲ့ ဒီနယ်ချဲ့အင်အားစုတွေ သို့မဟုတ်လည်း ဖောက်ပြန်ရေးအင်အားစုတွေကို တွန်းလှန် မယ်ဆိုတဲ့သဘောထား။ အဲဒီတော့ ဒီမှာအင်အားစုကြီးနှစ်စု ၊ နယ်ချဲ့သမား အင်အားစု လွတ်လပ်ရေးမပေးချင်ဘူး။ ဒီဘက်က ပြည်သူ့အင်အားစုက လွတ်လပ်ရေးတောင်းဆိုတယ်။ အဲဒီ နှစ်ဖွဲ့စလုံးရဲ့ လက်နက်ကဘာလဲ…။ တစ်ဖက်ကနေအကြမ်းဖက်မယ် ဒါမှမဟုတ်လည်း လူသတ်ဝါဒကျင့်သုံးမယ် ဆိုတဲ့အင်အား။ ဒါက အင်္ဂလိပ်တွေ ဘက်က ကျင့်သုံးတယ်။ ဒီဘက်ကပြည်သူရဲ့ဆန္ဒနဲ့ ပြည်သူရဲ့တောင်းဆိုချက်တွေနဲ့ ဖော်ထုတ်ပြီးတော့ ပြည်သူ့ဆန္ဒ သဘောထားတွေ ဖော်ထုတ်ပြီးတော့လုပ်မယ်။ ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးမယ်ဆိုတဲ့ဟာ။ ဒီနှစ်ခု သွားထိပ်တိုက်တွေ့တာ။

 

အဲဒီနှစ်ခုရဲ့ အားပြိုင်မှုပဲခေါ်ခေါ်၊ ထိပ်တိုက်တိုးမှုပဲခေါ်ခေါ် ဒီဇူလိုင်လ ရောက်တဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်း တို့ အာဇာနည်တွေ လုပ်ကြံခံရတယ် သို့မဟုတ်လည်း သတ်ဖြတ်ခံရတာတွေပေါ်တာပဲလို့ တို့ကယူဆလို့ရတယ်။ ဒါဟာ ဒီဟာတစ်ခုလုံးရဲ့ပုံစံပဲ။ အဲဒီတော့ အဲဒီပုံစံ အဲဒီကာလအတွင်းမှာ ငါမှတ်မိတာ ငါ့ဘက်ကနေပြောရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ပြောချင်တာဘာလဲဆိုတော့ ငါ့ရဲ့ငယ်ဘဝပဲ။ ငါအဲဒီအချိန်က အသက်(၁၇)နှစ်သားလောက်ပေါ့။ (၁၈)နှစ်မပြည့်သေးဘူး။ (၁၉၄၇)ပေါ့။ အဲဒီအချိန်တုန်းက ငါက ကြို့ပင်ကောက်မြို့ အထက်တန်းကျောင်းမှာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ လုပ်နေတဲ့အချိန်။

 

လူထုလှုပ်ရှားမှုတွေကလည်း အကုန်လုံးပေါ်နေပြီ။ အာဇာနည်နေ့ မတိုင်ခင်ကလည်း လွတ်လပ်ရေး တောင်းဆိုမှုတွေ၊ ပြည်သူ့ဆန္ဒဖော်ထုတ်မှုဆိုတဲ့ လွတ်လပ်ရေးတောင်းဆိုလှုပ်ရှားမှုတွေက ပေါ်နေပြီ။ တစ်ဖက်က လည်း အင်္ဂလိပ်နယ်ချဲ့က နည်းမျိုးစုံနဲ့ နှိပ်ကွပ်ပြီးတော့ လူထုဆန္ဒတွေကို ဖြိုခွဲဖို့တို့၊ လူထုရဲ့တောင်းဆိုချက်တွေကို ဟန့်တားဖို့တို့၊ ပိတ်ပင်ဖို့တို့၊ နောက်တစ်ခါ လူထုနဲ့အပြိုင်လုပ်ငန်းတွေကို လုပ်နိုင်တဲ့အင်အားစုတွေကို အားပေးဖို့တို့၊ ဂဠုန်ဦးစောတို့ တပ်တွေပေါ့ကွာ၊ ဂဠုန်တပ်တွေလိုဟာမျိုးပေါ့။ ဒီလိုဟာမျိုးတွေ ပေါ်ပေါက်နေတဲ့အချိန် ဒီအချိန်တွေ ကြားထဲမှာ ငါက လူဖြစ်လာတဲ့ဟာ။ လူဖြစ်လာတဲ့အချိန်၊ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း အသက် (၁၇) နှစ်သားလောက်မှာ ငါကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဖြစ်နေတယ်။

 

အတွင်းရေးမှူးလုပ်တဲ့သူက အရင်တုန်းက NLD အမတ်၊ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ (၁၉၉၀)ရွေးကောက်ပွဲတုန်းက အရွေးခံရတဲ့ ဦးအေးမြင့်။ ခုတော့ ဘုန်းကြီးဝတ်နေပါတယ်။ သူလည်း အသက်(၈၀) လောက်ပေါ့လေ။ ငါ့ထက် လပိုင်းလောက် ငယ်တဲ့သူ။ နောက်တစ်ခါ ကိုအုန်းထွန်းလို လူမျိုး။ သူလည်း ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး။ ငါတို့တုန်းက အသက်ငယ်ငယ်နဲ့လုပ်ကြတယ်။ ကောင်းပြီ၊ တို့က အသက်ငယ်ငယ်နဲ့လုပ်ပေမယ်လို့ တို့ကကျောင်းသားသမဂ္ဂမှာ အသက်ငယ်ငယ်နဲ့ လူမရှိလို့ လုပ်တာမဟုတ်ဘူး။

 

တို့ကြို့ပင်ကောက်ကျောင်းဆိုတာ ဆရာကြီးဦးဖိုးကွန်းပေါ့။ ပြည်သူ့ရဲဘော်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဆရာကြီး ဦးဖိုးကွန်း။ နောက်ပိုင်းမှာ ဝန်ကြီးတွေ ဘာတွေဖြစ်တယ်။ ပညာရေးမှူးဝန်ကြီးတွေ ဘာတွေဖြစ်ခဲ့တယ်။ နောက်ပိုင်း မဆလခေတ်တုန်းကဆိုလို့ရှိရင် ဆိုဗီယက်တို့ဘာတို့မှာ သံအမတ်ကြီးတွေလုပ်ခဲ့တဲ့ ဦးဖိုးကွန်း၊ ဆရာကြီးဦးဖိုးကွန်း ကျောင်းအုပ်ကြီးလုပ်ခဲ့တဲ့ ကျောင်းမှာ နိုင်ငံရေးအင်အားစုတွေက အများကြီးပေါ်ထွက်ခဲ့တယ်။ ဦးစိုးမင်းတို့၊ ဗမာပြည်လုံးဆိုင်ရာ တောင်သူလယ်သမား ဗဟိုဦးစီးအဖွဲ့တွေမှာ ဗဟိုခေါင်းဆောင်တွေမှာ ပါဝင်တဲ့ပုဂ္ဂိုလ်တွေ၊ အလားတူပဲ ဗိုလ်မင်းခေါင်တို့ ဘာတို့ထွက်ခဲ့တယ်။ ရဲဘော်သုံးကျိပ်ဝင်။ နောက်တစ်ခါ အလားတူပဲ ဦးအောင်မြင့်ခေါ် ဗိုလ်အောင်မြင့်ပေါ့။ ဗိုလ်အောင်မြင့်ဆိုတာ နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီထဲ ရောက်သွားပြီးတော့ အထက်ဗမာပြည် တိုင်းမှူးတွေ ဘာတွေဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါလာတယ်။ ပြောချင်တာက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အင်အားတွေ အများကြီးပေါ်ထွက်ခဲ့တဲ့ကျောင်း၊ အဲဒီကျောင်းမှာငါက (၁၆) နှစ် (၁၇) နှစ်သားမှာ တခြားအင်အားစုတွေနဲ့ပြိုင်ရင်း ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဖြစ်လာခဲ့တဲ့အချိန်ပေါ့။

 

အဲဒီအချိန်မှာ ငါဘာမှတ်မိလဲဆိုတော့ အဲဒီ ခုနကပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်တွေပေါ်လာပြီ၊ (၁၉၄၇)ဇူလိုင်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ သတ်ဖြတ်လုပ်ကြံခံရတယ်။ နောက်တစ်ခါ အလားတူပဲ (၁၉၄၈) အစလောက်မှာဆိုရင် မဟတ္တမဂန္ဒီတို့ဘာတို့ လုပ်ကြံခံရတယ်။ ငါတက္ကသိုလ်မရောက်ခင်မှာ ဖြစ်နေတာ။ အဲဒီတော့ … အဲဒီပွဲတွေအကုန်လုံးမှာ လူထုရဲ့အုံကြွမှုတွေက ပေါ်လာတယ်။ လူထုရဲ့ ဆန့်ကျင်မှုတွေပေါ်လာတယ်။ လူထုကနေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ဘက်ကနေ ရပ်တည်ပြီးတော့ ပြည်သူ့အင်အားစုတွေဘက်က ရပ်တည်ပြီးတော့ ပြည်သူ့ဆန့်ကျင်ရေးအင်အားစုတွေဖြစ်တဲ့ နယ်ချဲ့လက်ပါးစေတွေဘာတွေ၊ ဂဠုန်ဦးစောတို့ဘာတို့ အကုန်လုံးကို ဆန့်ကျင်နေတဲ့ ကာလကြီး။ လှုပ်ရှားမှုကြီးက အကြီးကြီး။ တစ်ခါတည်း လူတွေကအုံကြွပြီး တစ်နေ့တစ်နေ့ ဒီလူသတ်ဝါဒရှုတ်ချရေးတို့၊ နယ်ချဲ့ဆန့်ကျင်ရေးတို့ … ဒါတွေပဲ ပြောနေကြတယ်။ ဒါတွေပဲ လှုပ်ရှားနေကြတာ။

 

ဗိုလ်ချုပ်အောင်ဆန်းတို့က အားကောင်းလာသလို ဟိုဘက်ကလည်းပဲ ဆန့်ကျင်ရေးအင်အားစုကလည်းပဲ ဒီဟာတွေကို တုံ့ပြန်ဖို့ ကြိုးစားနေတာ။ ဦးစောတို့ကို ဖမ်းပြီးတာတောင်မှ မငြိမ်သေးဘူး။ နယ်တွေမှာ အကုန်လုံး သူ့လူတွေသူ့လူတွေ ဖြစ်ကြတယ်။ လိုအင်ဆန္ဒတွေကလည်း မျိုးစုံရှိကြတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ နယ်ချဲ့ အစိုးရကလည်းပဲ ရှိနေတုန်းပဲ ဗမာပြည်လွတ်လပ် ရေးမရသေးဘူး။

 

မေး။ ။ ဂဠုန်ဦးစောကို ဖမ်းလိုက်ပေမယ့်လည်း မငြိမ်သေးဘူးပေါ့။

 

ဖြေ။ ။ မငြိမ်ဘူး။ မငြိမ်ဘူး။ နယ်တွေမှာက ရှိနေတာပဲ။ ဆိုတော့ အဲဒီလိုလှိုင်းလုံးကြီးတွေ လှုပ်ရှားတဲ့အချိန်မှာ ငါက အဲဒီအချိန်မှာ ပါဝင်ခဲ့တာ။ အသေးအဖွဲလေးပဲဖြစ်သော်ငြားလည်း ဇာတ်ကောင်တစ်ယောက်လို ပါဝင်ခဲ့ဖူးတယ်။ ပါဝင်ခဲ့တဲ့ပုံစံက ဘယ်လိုပါဝင်ခဲ့လဲဆိုတော့ ဒီနယ်ချဲ့ဆန့်ကျင်ရေးကိစ္စကို တို့က ဘာနဲ့ခံတိုက်လဲဆိုတော့ ဒီလူသတ်ဝါဒရှုတ်ချရေးနဲ့ ခံတိုက်တယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်တွေပေါ်တဲ့ဟာ နယ်ချဲ့ ရဲ့လုပ်ကြံမှုတွေလို့ပဲ တို့ကသတ်မှတ်တယ်။ နယ်ချဲ့လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီလုပ်ကြံမှုဟာ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို မပေးရအောင်လို့၊ အဟန့်အတားဖြစ်အောင်လို့ လုပ်တာပဲလို့ သတ်မှတ်တယ်။ အဲဒါကြောင့် တို့က ဒီအာဇာနည်နေ့ဟာ တစ်ဆက်တည်းပဲ ခုနကပြောသလို နယ်ချဲ့သမားကိုင်စွဲတဲ့ ဒီလူသတ်ဝါဒရှုတ်ချရေး၊ ဆန့်ကျင်ရေးဆိုတဲ့ လှုပ်ရှားမှုကြီးလည်း ပေါ်လာတယ်။ တစ်ဖက်ကလည်း လွတ်လပ်ရေးကို မရမနေတောင်းဆိုရမယ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဘက်ကနေ ရပ်တည်ရမယ် ဆိုတဲ့ လှုပ်ရှားမှုကြီးကလည်း ပေါ်လာတယ်။

 

နောက်တစ်ခါ ဗိုလ်ချုပ်အောင်ဆန်းတို့ ချမှတ်ခဲ့တဲ့ ပြည်သူအတွင်းမှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့ကွာ။ တိုင်းရင်းသားတွေရဲ့ပင်လုံတို့၊ ဘာတို့လို ညီလာခံလိုဟာမျိုးတွေအတွက်ကို ခိုင်မာမှုဖြစ်ရေးကိုလည်း လှုပ်ရှား မှုကြီးမှာ ပါဝင်ကြတယ်။ အဲဒီထဲမှာ လူငယ်တွေလည်း အားလုံးပါဝင်ကြတယ်။ ငါမှတ်မိတာပြောရမယ်ဆိုရင်တော့ အဲဒီခေတ်ကာလတုန်းကလုပ်ခဲ့တဲ့ ဟောပြောပွဲတွေ ဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံးတော့ ငါကကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်နေတဲ့အခါကျတော့ တို့ကလည်း အမှန်တော့ တို့လည်းနားမလည်ဘူးပေါ့ကွာ။ နားလည်စရာလည်း သိပ်အကြောင်းမရှိဘူး။ တို့ကလည်း(၁၇)နှစ်သား။ တောမှာရှိတဲ့ တောကျောင်းသား ကျောင်းသားသမဂ္ဂဥက္ကဋ္ဌလေ။ ဒါပေမဲ့ တို့ဆီမှာ ကွန်မြူနစ်ပါတီတွေရှိတယ်၊ တို့ဆီမှာ ဆိုရှယ်လစ်ပါတီတွေရှိတယ်။ ဖဆပလတွေရှိတယ်။ အခြားအခြားသော ဦးစောရဲ့ပါတီတွေလည်း ရှိသေးတယ်။ ကြို့ပင်ကောက်ဆိုတာ အလွန်ကိုတက်ကြွတဲ့ မြို့။ နိုင်ငံရေးအားဖြင့် တက်ကြွတယ်။ နိုင်ငံရေးအားဖြင့်လည်း ခေါင်းဆောင်တွေအများကြီးထွက်တယ်။ နိုင်ငံရေး အားဖြင့် ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေလည်း အဲဒီအချိန်တုန်းက ထွက်နေပြီ။

 

ခုနက ရဲဘော်သုံးကျိပ်တွေရော၊ ဗမာပြည်လုံးဆိုင်ရာ လယ်သမားအစည်းအရုံးတွေရော ဘာတွေရော၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေရော စသည်ပေါ့လေ။ ကျောင်းသားလူငယ်တွေရော၊ အကုန်လုံးတက်ကြွ နေတဲ့အချိန်ဆိုတော့ တို့လည်းအဲဒီထဲမှာ ရောပါနေတာ။ ပါနေတဲ့အခါကျတော့ ဘာပဲပြောပြော အဲဒီဟာရဲ့ လှုပ်ရှားမှုကတော့ တို့တွေအကုန်လုံးက ငြိမ်ခံနေလို့မရဘူး။ ငြိမ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့အတွက် ဝမ်းနည်းနေလို့မရဘူး။ အာဇာနည်နေ့၊ အာဇာနည်တွေပေါ်လာတယ်။ အာဇာနည်တွေ ကျဆုံးသွားတယ်ဆိုပြီး ဝမ်းနည်းနေရုံနဲ့ မပြီးဘူး။ အဲဒီဟာရဲ့ ဇာစ်မြစ်ကို နားလည်ရမယ်။ ရန်သူဟာဘယ်သူလဲ။ နယ်ချဲ့သမားလို့ တို့ကမြင်တယ်။

 

နယ်ချဲ့သမားကျင့်သုံးတဲ့လက်နက်က ဘယ်ဟာလဲ။ အကြမ်းဖက်လူသတ်ဝါဒ။ အဲဒီလိုဆိုရင် နယ်ချဲ့သမားကို ရှုတ်ချရာရောက်တဲ့ နယ်ချဲ့သမားကျင့်သုံးတဲ့ ဒီလူသတ်ဝါဒရှုတ်ချတဲ့ဟာကို တို့ကကိုင်ဆွဲရမယ်၊ ကျင့်သုံးရမယ် ဆိုတဲ့ဟာ တို့ကလှုပ်ရှားတယ်။ အဲဒါကြောင့် တို့နယ်တွေကို ဆင်းပြီးတော့၊ ရွာတွေကို ဆင်းပြီးတော့ ဟောပြောပွဲတွေလုပ်၊ လွတ်လပ်ရေးအကြောင်းတွေ ဟောပြောကြတယ်။ ဒီနယ်ချဲ့ဆန့်ကျင်ရေးတွေ ဟောပြောကြ တယ်။ ကိုလိုနီအစိုးရ ဆန့်ကျင်ရေးတွေ ဟောပြောကြတယ်။

 

နောက်တစ်ခါ ကိုလိုနီအစိုးရတွေကျင့်သုံးတဲ့ မြန်မာ့လွတ်လပ်ရေးဘက်ကို မြားဦးလှည့်ထားတဲ့ ဒီလူသတ်ဝါဒ ရှုတ်ချရေးကို လုပ်ခဲ့တယ်။ အဲဒီတော့အများ ကြီးလုပ်ခဲ့တယ်။ ဟောပြောခဲ့တယ်ပေါ့ကွာ။ ဒါတွေကို ငါမှတ်မိတယ်။ ဘာတွေ ဟောပြောခဲ့တယ်ဆိုတာကို ပြန်ပြီးတော့ပြောနိုင်တဲ့ အနေအထားတော့မရှိဘူး။ နှစ်ကလည်းများစွာ ကြာခဲ့ပြီ။ သို့သော် ဘာပဲပြောပြော ကျောင်းသားလူငယ်တွေ အကုန်လုံးက ဒီအာဇာနည်နေ့ပေါ်ပေါက်လာတဲ့ဟာကို အကြောင်းပြုပြီးတော့ လွတ်လပ်ရေးတိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာကို သိရတယ်။ တော်လှန်ရေးတွေ လုပ်တယ်သိတယ်။ တို့ကိုယ်တိုင်လည်း တော်လှန်ရေးဌာနချုပ်မှာ နေခဲ့တယ်။ တို့ကိုယ်တိုင်လည်း တော်လှန်ရေး လုပ်ငန်းတွေမှာဝင်ပြီးတော့ ပုလိပ်ထောက်လှမ်းတာတို့ဘာတို့၊ ဟိုခိုင်းဒီခိုင်း လက်တိုလက်တောင်းခိုင်းတာတွေမှာ ပါဝင်ခဲ့တယ်။ သို့သော် တို့က အသက်ငယ်တုန်းရှိသေးတယ်။ (၁၅)နှစ်သားလောက်က ဖြစ်ခဲ့တဲ့ကိစ္စဆိုတော့ တို့လည်းပဲ သိပ်ပြီးတော့ အဲဒီ တော်လှန်ရေးကိစ္စတွေကို နားမလည်ကြဘူး။

သို့သော် (၁၆-၁၇) ရောက်တဲ့အခါကျတော့ နိုင်ငံရေးကလည်း အများကြီးတတ်လာပြီ။ နယ်ချဲ့အစိုးရကို ဆန့်ကျင်တဲ့ သပိတ်တွေ၊ သပိတ်မျိုးစုံမှာမှ တစ်ခါတည်း ပုလိပ်တွေရဲ့ ပုလိပ်သပိတ်၊ ရဲသပိတ်တွေလည်း ပေါ်တယ်။ စာရေး သပိတ်တွေပေါ်တယ်။ ဝန်ထမ်းသပိတ်တွေပေါ်တယ်။ အလုပ်သမား၊ လယ်သမား၊ ဒီသပိတ်တွေ မြောက်မြားစွာပဲ။ ဒါတွေအားလုံးဟာ စစ်ပြီးခေတ်မှာ စစ်ကြိုခေတ်တုန်းက (၁၉၃၈)တို့၊ (၁၃၀၀)ပြည့် အရေးတော်ပုံတို့လို ချီတက်ပွဲကြီးတွေဘာတွေ မဖြစ်သော်ငြားလည်း ဒီနိုင်ငံရေးလှုပ်ရှားမှုကတော့ မြို့တိုင်းမှာ တစ်ခါတည်း ဆူပွက်နေတာ။ အဲဒီအချိန်မှာ ဒုက္ခတွေကိုလည်း မြင်ခဲ့ပြီ။

 

မနေ့တစ်နေ့ပြန်လှမ်းကြည့်ရင် လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က စစ်တွင်းကာလ၊ အဲဒီကနေ ဒီဘက်ထွက်လာတဲ့အခါ ဒီမိုကရေစီပြန်ဖြစ်မလားလို့ အစိုးရဘက်ကို ထင်တယ်။ ဒီမိုကရေစီဆိုတာ အဝေးကြီး။ ဒါပေမဲ့ သူကနယ်ချဲ့စနစ်နဲ့ ပြန်ပြီးတော့ လုပ်ချင်တယ်။ အဲဒီအချိန်မှာ ကျင့်သုံးတဲ့နည်းကလည်း လူသတ် ဝါဒတို့၊ အကြမ်းဖက်နှိမ်နင်းတဲ့ဟာတို့၊ လူတွေဖမ်းပြီး ထောင်ချတာတို့….. ဒီလုပ်ငန်းတွေပဲ လုပ်နေတဲ့အခါကျတော့တို့ရဲ့ တုံ့ပြန်မှုကလည်း တော်တော် များများကလည်း ဂျပန်ခေတ်ကအတိုင်းပဲ တို့ရဲ့ခံစားချက်က ပေါ်ပေါက်လာတယ်။ ဂျပန်ခေတ်ဆိုတာ လှမ်းကြည့်ရင်လည်း မနေ့တစ်နေ့က (၁၉၄၅) လောက်ကဟာဆိုတော့ အခုတို့ ကြုံတွေ့နေတဲ့ဟာက (၁၉၄၇) အစလောက်ပဲ ရှိသေးတယ်ဆိုတော့ တစ်နှစ်သာသာလောက်အတွင်း တို့မြင်နေရတယ်။ အဲဒါကြောင့် တို့ရဲ့ ဆန့်ကျင်မှုတွေကလည်း ပြင်းပြင်းထန်ထန်ကိုပေါ်ခဲ့တယ်။ အဲဒါ ပြောချင်တာကတော့ ကျွန်တော်တို့နောက်ပိုင်းမှာ နိုင်ငံရေးဘဝကို အစပျိုးတဲ့ကာလလို့လည်း ပြောလို့ရတယ်။ နောက်ပိုင်းမှာ ဒီအကြောင်းကြောင့်ပဲ ငါ့ရဲ့ သတင်းစာဆရာဘဝတို့ ဘာတို့ အစပျိုးတဲ့ဟာလည်း ဆက်စပ်နေတယ်လို့တောင်မှ ပြောချင်ပါတယ်။ အဲဒါကတစ်ပိုင်းပေါ့။

 

နောက်တစ်ပိုင်းက ခုနကပြောတဲ့ သတင်းစာတို့ဘာတို့နဲ့ ပတ်သက်ပြီးတော့၊ ငါရဲ့စာပေဘဝတွေနဲ့ ဘယ်လို ဆက်စပ်သလဲဆိုတဲ့အခါကျတော့…. ဒီအာဇာနည်နေ့မှာ ပါဝင်ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ပုဂ္ဂိုလ်နဲ့ ငါနဲ့က တော်လှန်ရေးကာလထဲမှာ သွားပြီးတော့တွေ့တယ်။ တွေ့တယ်ဆိုတာ တော်လှန်ရေးကာလ စစ်ထွက်တဲ့ ကာလမှာပေါ့။ ၁၉၄၅ ခုနှစ်၊ မတ်လအတွင်းမှာ သူက ဦးဝိစာရ တော်လှန်ရေးပန်းခြံထဲမှာ စစ်ထွက်မိန့်ခွန်း ပြောပြီးတဲ့အခါကျတော့ တစ်ခါတည်း သရက်ကိုသွားတယ်။ တော်လှန်ရေးဌာနချုပ်က သရက်မှာ ရှိတာကိုး။ သရက်ဘက်ကိုသွားမယ်ဆိုတော့ ရန်ကုန်က ထွက်လာတဲ့အခါမှာ မော်တော်ကားနဲ့ထွက်လာတယ်။ ထွက်လာတဲ့ အချိန်မှာ အဲဒီအချိန်တုန်းက ညပဲသွားလို့ရတယ်။ မနက်သွားလို့မရဘူး။ မနက်သွားရင် လေယာဉ်ပျံတွေက ဗုံးကြဲဘာညာလုပ်တဲ့အခါကျတော့ ညသွားကြတယ်။ ညသွားတော့ တစ်ညလုံး မောင်းလာပြီးတော့ တို့ကြို့ပင်ကောက်နဲ့ ရန်ကုန်နဲ့က အားလုံး (၁၁၂) မိုင် ဝေးတယ်။ တစ်ညလုံးမောင်းလာပြီးတော့ ငါတို့ကလည်း စစ်ပြေးနေပြီ အဲဒီအချိန်မှာ။ တော်လှန်ရေးလာတော့မယ်ဆိုတာကို သိနေပြီ။

 

တို့လည်း တို့အဆက်အသွယ်နဲ့တို့ပေါ့။ တို့ရွှေ့ခဲ့တယ်။ ပြောင်းခဲ့တယ်။ ရွာတစ်ရွာမှာတို့က ရောက်တယ်။ ရှမ်းစုဆိုတဲ့ ရွာကလေး။ ကြို့ပင်ကောက်နဲ့ နှစ်မိုင်လောက်ဝေးတယ်။ တို့အိမ်ကို ဗိုလ်ချုပ်အောင်ဆန်းရောက်တာ။ ရောက်လာတဲ့ အကြောင်းက ဘာလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဲဒီအချိန်တုန်းက ကိုယ်ရံတော်တပ်မှူးဖြစ်နေတဲ့လူက ဗိုလ်မင်းခေါင်။ ဗိုလ်မင်းခေါင်ကလည်း ရဲဘော်သုံးကျိပ်ဝင်။ ဗိုလ်မင်းခေါင်က ငါတို့ဦးလေး။ ငါတို့ဦးလေးတော်တဲ့ အခါကျတော့ တို့အိမ်ပဲရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ တို့က (၁၅) နှစ်သားလောက်ပေါ့။ (၁၅) နှစ်သားလောက်ပေါ့။ ခပ်ငယ်ငယ်ပေါ့။ ဆိုတဲ့အခါကျတော့ နောက်တစ်နေ့ မနက်မိုးလည်းလင်းရော တို့တွေအကုန်လုံးကို ပြောထားတယ်။ ကလေးတွေ မဆူကြနဲ့။ ငြိမ်ငြိမ်နေကြ။ ဗိုလ်ချုပ်ရောက်နေတယ်။ ဗိုလ်ချုပ်ဆိုတဲ့ အခါကျတော့ ဗိုလ်ချုပ်ဆိုတဲ့ နာမည်ကြီးက ဟီးနေအောင်ကြီးတဲ့ နာမည်ကြီး။ အလွန်ကို ဩဇာကြီး၊ အလွန်ကို လူချစ်လူခင်များ၊ အဲဒီလိုလူမျိုး ဖြစ်တဲ့အခါကျတော့ တို့က ကြောက်တာပေါ့။

 

တို့ အကုန်လုံး ငြိမ်ငြိမ်နေကြတာပေါ့။ တို့တွေ နေ့လယ်ထမင်းစားပြီးတဲ့ အချိန်(၁၂) နာရီ၊ နာရီပြန်တစ်ချက် ရောက်တဲ့အခါ …. နှစ်နာရီလောက်တောင် ဖြစ်မလားမသိဘူး။ အဲလိုအချိန်ရောက်တဲ့အခါကျတော့ တို့ကိုပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရေချိုးမယ်။ တို့က ရေတွင်းရှိတယ်။ ရေတွင်းကနေပြီးတော့ မောင်းခေါ်တာပေါ့ကွာ။ ငါ့ထက်နှစ်နှစ်လောက်ကြီးတဲ့ ငါ့ဦးလေးတစ်ယောက်က (၁၇)နှစ်သားလောက်ပေါ့။ ငါက (၁၅)နှစ်သား။ ငါတို့တွေ ရေပုံးနဲ့ဆွဲပြီးတော့ အဲဒီနားမှာရှိတဲ့သစ်ပင်ကြီး၊ မရန်းပင်ကြီးတွေကအုံ့နေတာ အကြီးကြီးတွေ၊ အဲဒီမရန်းပင်ကြီး အောက်က အိုးတွေထဲ ရေလောင်းထည့်တယ်။ ရေလောင်းထည့်ပြီးတော့ တော်လေးကြာတော့ ဗိုလ်ချုပ်အောင်ဆန်း ထွက်လာတယ်။ ရေချိုးတယ်။

 

ရေချိုးတော့ ကိုယ်ကဘာပြောလို့ရမလဲ။ ဗိုလ်ချုပ်အောင်ဆန်း ရေချိုးတာကြည့်နေတာပဲ။ တို့က ငြိမ်ငြိမ်နေဆိုတဲ့ အတိုင်း ငြိမ်ငြိမ်နေတာပဲ။ ယောကျ်ားလေးကလည်း တို့မှာသိပ်မရှိဘူး။ ငါနဲ့သူနဲ့ နှစ်ယောက်ပဲရှိတာ။ လူငယ်က။ အဘိုးကြီးတွေရှိတယ်ပေါ့ကွာ။ ရေလောင်းပေးပြီးတော့ ကြည့်နေတယ်။ ငါ့စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ကြည့်တဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းက အသားကလည်း ခပ်လတ်လတ်။ ထိပ်ကနည်းနည်းလေး ပြောင်ပြောင်ရှိတယ်။ စကားလည်းတစ်ခွန်းမှ မပြောဘူး။ ရေချိုးတာ ဘာမှလှည့်မကြည့်ဘူး။ ဘယ်သူက လောင်းပေးတယ် ဘာညာသိပ်ကြည့်တာလဲမဟုတ်ဘူး။ ဆိုတဲ့အခါကျတော့ ငါ့စိတ်ထဲမှာလည်းတစ်မျိုး ဖြစ်လာတယ်။

 

ငါလည်း စာလေးဘာလေးလည်း ဖတ်စပြုနေပြီပေါ့ကွာ။ နိုင်ငံရေးတို့ ဘာတို့ဆိုလည်း နည်းနည်းကြားစပြုနေပြီ။ ဂျပန်ခေတ်က သတင်းတွေ ဘာတွေကြားစပြုနေပြီဆိုတော့ ငါ့စိတ်ထဲမှာလည်း ရှင်းရှင်းပြောရရင် စစ်ကတိုက်ချင်တယ်။ စစ်သားဖြစ်ချင်တယ်။ သူများတွေစစ်တိုက်နေတယ်။ ဘာလို့လဲဆိုတော့ ငါ့ဦးလေးတွေလည်း စစ်တိုက်နေတယ်။ ငါ့ဦးလေးတွေဆိုတာ ဗိုလ်မင်းခေါင်တို့ ဘာတို့အပါအဝင် ငါသွားသွားနေတဲ့ ငါ့ဦးလေး၊ ငါ့အမေ မောင်ပေါ့နော်။ ဆိုလို့ရှိရင် သူ့အသက် အခု ၉၃ နှစ်ထဲ ရောက်နေပြီ။ ဗဟန်းက အခုဆေးရုံတက်နေပြီ။ သူတို့ဆိုလည်း မော်ကွန်းဝင် ပထမအဆင့် လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်။ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် ဆိုတဲ့ အဆင့်တွေလည်း ရခဲ့ဖူးတယ်။ စစ်ဗိုလ်တွေ ဘာတွေလုပ်ခဲ့ဖူးတယ်။ အဲဒီတော့ ဒီလို အသိုင်းအဝိုင်းတွေက ငါတို့မှာ အများကြီးပဲ။ စစ်ဗိုလ်အသိုင်းအဝိုင်းတွေ စစ်သားအသိုင်းအဝိုင်းတွေ အဲဒီအချိန်တုန်းက လူတိုင်းလိုလို စစ်ထဲဝင်ကြတဲ့ အချိန်ဆိုတော့ ငါ့စိတ်ထဲမှာလည်း စစ်သားဖြစ်ချင်နေတာရှိတယ်။

(ဆက်လက်ဖော်ပြပါမည်)

 

1+