ဟင်းသီးဟင်းရွက်များအနက် ပုံမှန်ဈေးကွက်တစ်ခု ရရှိနေသော သခွားသီးစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးသင့်

၁၆ ဇွန်

ဟင်းသီးဟင်းရွက်များအနက် ပုံမှန်ဈေးကွက်တစ်ခုရရှိနေသော သခွားသီးစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ကုန်စမ်းဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

 

"သခွားသီးက အချိန်တိုနဲ့ ငွေပြန်ပေါ်စေနိုင်ပါတယ်။ ရက်ကြာကြာလည်း စိုက်ပျိုးစရာမလိုဘူး။ တောင်သူအများစု ကတော့ သခွားကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှု မများသေးဘူးပေါ့နော်။ စိုက်ပျိုး ထုတ်လုပ်မှုမများသေးဘူး ဆိုတာက တချို့တောင်သူတွေကလည်း စိုက်နည်းစနစ် မကျွမ်းကျင်သေးလို့ မစိုက်ကြတာပေါ့နော်။ တချို့တောင်သူတွေ ကျတော့လည်း သခွားက စီးပွားဖြစ် စိုက်ပျိုးသင့်တဲ့ သီးနှံတစ်ခု ဆိုတာကို မသိကြတာပေါ့။ ကျွန်တော်တို့ကတော့ သခွားကိုစိုက်ခဲ့တာ သုံးနှစ်ရှိပြီ။ တို့စားတဲ့ အသုပ်သုပ်စားတဲ့ သခွားသီးမျိုးကို စိုက်တာပါ။"ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာမှ သခွားသီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ကိုဟန်ဇော်သက် က ပြောသည်။

 

စိုက်ပျိုးရေးသွင်းအားစုစရိတ်များ ကြီးမြင့်လာခြင်း၊ ရာသီဥတုများ ဖောက်ပြန်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ဈေးကွက်ကျဆင်းခြင်းများကို ကြုံတွေ့ရင်ဆိုင်နေရသည့်အတွက် ယခု နောက်ပိုင်းကာလများအတွင်း တောင်သူအများစုမှာ ရက်အနည်းငယ် လအနည်းငယ်နှင့် အဆင်ပြေ ငွေပေါ်နိုင်သော ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်မှုကို စိတ်ပါဝင်စားလာကြခြင်း ဖြစ်သည်။

 

"ကျွန်တော်တို့ဒေသက စိုက်ပျိုးထုတ်လုပ်တဲ့ သခွားသီးတွေထွက်ရှိလာတဲ့အခါ မင်းဘူး၊ မကွေးမြို့တွေကို တင်ပို့ရောင်းချနေပါတယ်။ မင်းဘူး၊ မကွေးကနေပြီးတော့ လမ်းကြောအဆင်ပြေတယ်ဆိုရင် ရခိုင်ပြည်နယ်ဘက် အထိအောင် တင်ပို့တယ်။ ရခိုင်ပြည်နယ်အထိ တင်ပို့နိုင်တဲ့အခါကျတော့ ဈေးကွက် ပိုများများရတာပေါ့။ အရည်အသွေး ကောင်းဖို့ကတော့ မြေဩဇာသုံးစွဲမှု၊ ရေဓာတ်ပါဝင်မှုတို့နဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ ပြောရရင် တချို့တောင်သူတွေ စိုက်ပျိုးနည်း မကျွမ်းကျင်လို့ အခင်းပျက်သွားတာ၊ (၂)လုံး (၃)လုံးနဲ့ ပွဲသိမ်းသွားတာလည်း ရှိသလို၊ တချို့လည်း (၁၀)လုံးမက အသီးထွက်တာလည်း ရှိတယ်။ ပုံမှန်တော့မရှိဘူးပေါ့။"ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။

 

သခွားသီးပင်သည် စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် အသီးစထွက်ပြီး၊ သခွားပင်တစ်ပင်လျှင် သခွားသီးအလုံးရေ (၇)လုံးမှ (၁၀)လုံးအတွင်း အသီးထွက်နှုန်းရရှိပါက တောင်သူများအတွက် တွက်ခြေကိုက်အဆင်ပြေနိုင်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်

 

 119551263_34253401346