ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ

နေပြည်တော် ၂၄ နိုဝင်ဘာ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈)နှစ်ပြည့် အထိမ်းအမှတ် Virtual အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

a1

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာ (၂၄)ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့်အတွက် ယခု ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ (၂၃)ရက်တွင် (၂၈)နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ (၂၈) နှစ်ပြည့်အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို ထိန်းသိမ်းကာကွယ်ရန် ယခုကဲ့သို့ online မှ စီစဉ်ကျင်းပခြင်း ဖြစ်ပါကြောင်း။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခရီးသွားလုပ်ငန်းများ တပြေးညီ ဖွံ့ဖြိုးရှင်သန်စေရေး၊ မတူကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုး အသီးသီး၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုများကို အခြေခံပြီး ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကို အထောက်အကူပြုနိုင်ရေး၊ ခရီးသွားလုပ်ငန်း၏ အသီးအပွင့်များကို ဒေသခံပြည်သူများ တိုက်ရိုက်ရရှိခံစားနိုင်ရေးအတွက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း CBT ကို ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း။

Decentralization ကို ဦးတည်၍ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေကို ပြင်ဆင်ရေးဆွဲပြဌာန်းကာ အမျိုးသားအဆင့်၊ ပြည်ထောင်စုအဆင့်နှင့် နေပြည်တော် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခရီးသွားလုပ်ငန်းကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်များ ခွဲဝေလွှဲပြောင်း စီမံခန့်ခွဲဆောင်ရွက်လျက် ရှိပါကြောင်း။

ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် သတင်းအချက်အလက်နှင့် နည်းပညာများကို အသုံးပြု၍ Digital Marketing စနစ်ဖြင့် ကမ္ဘာလှည့်ခရီးသည်များအတွက် တိကျမှန်ကန်သော သတင်းအချက်အလက်များကို မြန်ဆန်စွာ ဖြန့်ချီပေးနိုင်ရေးနှင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို    အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး Responsive Website, Tourism Web Portal များထူထောင်ကာ Online Tourism Promotion များကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံး ခရီးသွားလုပ်ငန်းမှာ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည့်အတွက် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းတွေအစား ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများကုစားပေးရန် Myanmar Tourism Rescue Plan ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုခံစားရသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအတွက် ကုစားရေးအစီအစဉ်များအဖြစ် Cash for Training များပေးခြင်း၊ အတိုးနှုန်းသက်သာသော ချေးငွေများရရှိရေး ပံ့ပိုးပေးခြင်း၊ လိုင်စင်ကြေးများကို (၁)နှစ်ကင်း လွတ်ခွင့်ပြုခြင်း၊ ဟိုတယ်ငှားရမ်းခများပေးသွားရန် ကာလရွှေ့ဆိုင်းပေးခြင်း၊ ကာလသတ်မှတ်ချက်ဖြင့် ငှားရမ်းခနှုန်းထားများ ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွင်း ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွားနှင့် ပြန်လည်စတင်နိုင်ရန် ဆက်စပ်၀န်ကြီးဌာနများနှင့် ပူးပေါင်း၍ Tourism National Guidelines for  COVID-19  Safe  Services  Beta  Version  VI ထုတ်ပြန်ရန်နှင့် Guidelines နှင့်အညီ အစစ်ဆေးခံပြီး လုပ်ငန်းများ ပြန်လည်စတင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်း ပြန်လည်နလန်ထူလာရန် ၂၀၂၃-၂၀၂၄ တွင် မူလအခြေအနေ ပြန်ရောက်ရန် Myanmar Tourism Strategic Recovery Roadmap (2021-2025) ကိုလည်း ရေးဆွဲအကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ ပြန်လည်စတင်နိုင်ရန် ခရီးသွားများကို ၀န်ဆောင်မှု ပေးသည့်သူများလည်း social distancing guidelines များကို လိုက်နာရန် အင်မတန်အရေးကြီးပါကြောင်း၊ ခရီးစဉ်ဒေသများ ဘေးကင်းကင်းနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာနမှ ရုံးခွဲတာဝန်ခံများက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် Destination Management Organization (DMO) များက အဓိက တာ၀န်ယူရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်တို့က အမှာစကားပြောကြားသည်။

ယင်းနောက် ဆုရဝန်ထမ်းများကို ဆုများပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဧည့်ခံကျွေးမွေးရေးလုပ်ငန်းများ ကျေပွန်စွာဆောင်ရွက်ခဲ့သူ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့၏ ဂုဏ်ပြုလက်မှတ်ရရှိသူ၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူတို့ (၃) ဉီး၏ ကိုယ်စား ကိုယ်စားလှယ် (၁)ဉီးကိုလည်းကောင်း၊ ဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်ရှိ အရာထမ်း ဝန်ထမ်းစွမ်း ဆောင်ရည်ဆု ရရှိသူ (၁၁)ဉီးကိုယ်စား ကိုယ်စားလှယ် (၁)ဉီးကိုလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ ဝန်ထမ်း (၁၇)ဉီးကိုယ်စား ကိုယ်စားလှယ် (၁)ဉီးကိုလည်းကောင်း ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဉီးတင်လတ်က နယ်ရုံးခွဲများရှိ အရာထမ်းဝန်ထမ်း စွမ်းဆောင်ရည်ဆု ရရှိသူ (၁၄)ဉီးကိုယ်စား ကိုယ်စားလှယ် (၁)ဉီးကိုလည်းကောင်း၊ ဝန်ကြီးဌာနရုံးချုပ်နှင့် နယ်ရုံးအားလုံးရှိ အမှုထမ်းဝန်ထမ်း စွမ်းဆောင်ရည်ဆုရရှိသူ (၂၅)ဉီးကိုယ်စား ကိုယ်စားလှယ် (၁)ဉီးကိုလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်၊ အောက်မြန်မာပြည်) သင်တန်းများတွင် သင်တန်းသားထူးချွန်ဆု ရရှိသူ (၁၀)ဉီးကိုယ်စား ကိုယ်စားလှယ် (၁)ဉီးကိုလည်းကောင်း ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်က ဆောင်းပါးပြိုင်ပွဲဝင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ (၃) ဉီးနှင့် နှစ်သိမ့်ဆု ရရှိသူ (၁၀)ဉီးကိုယ်စား ကိုယ်စားလှယ် (၁)ဉီးကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်သူများနှင့် အောင်မြင်ခဲ့ကြသူ ဝန်ထမ်းမိသားစုဝင် (၈)ဉီးကိုယ်စား ကိုယ်စားလှယ် (၁)ဉီးကိုလည်းကောင်း ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်