ဟာဇက်အပေါ် ရီးယဲလ်မက်ဒရစ် စိတ်ရှည်ရန် လိုအပ်

၂၄ ဇန်နဝါရီ

 

 

ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဟာဇက်ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့ လိုတယ်လို့   ရီးယဲလ်နည်းပြဇီဒန်းရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်နေတဲ့ ဒေးဗစ်ဘွန်တိုနီက ပြောပါတယ်။

 

ဟာဇက်ဟာ  ၂၀၁၉ ခုနှစ်    နွေဈေးကွက်အတွင်း  ချယ်လ်ဆီးကနေ   ရီးယဲလ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့ပေမယ့် နည်းပြဇီဒန်း မျှော်မှန်းထားသလို ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ဒဏ်ရာပြဿနာတွေနဲ့သာ လုံးလည်လိုက်နေခဲ့တဲ့ အနေအထားကြုံတွေ့ခဲ့ရပါတယ်။

 

ဟာဇက်ဟာ အလာဗက်စ်ကို ရီးယဲလ်က လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ချယ်လ်ဆီးမှာတုန်းက ခြေစွမ်းမျိုးကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ 

 

သူဟာ ရာသီတစ်ဝက်လောက်မှာ ဒဏ်ရာပြဿနာတွေနဲ့ကြုံပြီး သူ့အတွက် ခက်ခဲမှုတွေ ကြုံနေရပါတယ်။ ဒါက ရီးယဲလ်ကိုလည်း အခက်ကြုံစေခဲ့ပါတယ်။ ဒါပေမယ့် သူဝင်ကစားနိုင်တာနဲ့ ဂိုးသွင်းနိုင်တယ်၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ တစ်ပွဲချင်းကြည့်ရင် သူတစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာပါတယ်လို့ ဘွန်တိုနီက မှတ်ချက်ပြုပါတယ်။

 

ရီးယဲလ်တိုက်စစ်မှူး ကာရင်ဘန်ဇီမာကလည်း ဟာဇက်ဟာ ချယ်လ်ဆီးမှာ သမိုင်းတစ်ရပ် ရေးထိုးခဲ့သူဖြစ်သလို ရီးယဲလ်မှာလည်း ဒီလိုမျိုး ထပ်ပြီးဖန်တီးဦးမှာဖြစ်ကြောင်း ထောက်ခံချက်ပေးခဲ့ပါတယ်။

 

နည်းပြ ဇီဒန်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာကြောင့်  ရီးယဲလ်ရဲ့ အလာဗက်စ်နဲ့ပွဲကို  ကြီးကြပ်နိုင်ခြင်းမရှိပေမယ့် လက်ထောက်နည်းပြ ဘွန်တိုနီကသာ ကြီးကြပ်ခဲ့ရပြီး ရီးယဲလ်ရဲ့ စွမ်းဆောင်ရည်အတွက် ဇီဒန်းလည်း ကျေနပ်မှုရှိနေကြောင်း ဘွန်တိုနီက  ပြောကြားခဲ့ပါတယ်။

 

ရီးယဲလ်မက်ဒရစ်အသင်းဟာ လာလီဂါမှာ (၁၉)ပွဲကစားထားပြီး ရမှတ် (၄၀)နဲ့ အမှတ်ပေးဇယားပထမနေရာမှာ ရှိနေတဲ့ အက်သလက်တီကိုထက် နှစ်ပွဲပိုကစားထားချိန်   ရမှတ်လေးမှတ်လျော့နည်းကာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ စူပါဖလားပြိုင်ပွဲမှာ ရီးယဲလ်က ဘီဘာအိုကို နှစ်ဂိုး-တစ်ဂိုးနဲ့ အရေးနိမ့်ခဲ့သလို ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ဒုတိယတန်းကလပ်အသင်း  အယ်လ်ကိုယာနိုအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ထပ်မံအရေးနိမ့်ခဲ့တာကြောင့် နည်းပြ ဇီဒန်းနဲ့ ရီးယဲလ်တို့ လမ်းခွဲမှုကို ယခုနှစ်ဘောလုံးရာသီအကုန်မှာ မြင်တွေ့ရဖို့ ရှိနေတယ်လို့   သတင်းတွေ ထွက်နေပါတယ်။

 

မေလဲ့သင်း