ဂျူဗင်တပ် အသင်းဆီ   ပေါ့ဘာ ပြန်လည်ပြောင်းရွှေ့ရေး မာချီစီယို တိုက်တွန်း

၁၇ နိုဝင်ဘာ

 

 

ကွင်းလယ်စူပါစတား ပေါ့ဘာအနေနဲ့ ယခုနှစ်ဘောလုံးရာသီ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး မပျော်မရွှင်ဖြစ်နေတဲ့ အခြေအနေကို အမြန်ဆုံး အဆုံးသတ်ဖို့  ဂျူဗင်တပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း  ဂျူဗင်တပ်ဂန္ထဝင် မာချီစီယိုက တိုက်တွန်းလိုက်ပါတယ်။

 

 

ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့တဲ့ ၂၀၁၂-၂၀၁၆ ခုနှစ်ကြား ကာလတွေမှာ ခြေစွမ်းအမြင့်ဆုံး အနေအထားကို ပိုင်ဆိုင်ခဲ့ပြီး သူ့ကို ချိတ်ဆက်နေတဲ့ အသင်းများစွာထဲက အသင်းဟောင်း မန်ယူကို အဲဒီအချိန်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာကို ရရှိဖို့  ရီးယဲလ်အပြင် အသင်းဟောင်း ဂျူဗင်တပ်ကလည်း ချိတ်ဆက်နေပြီး မာချီစီယိုကတော့ “ပေါ့ဘာရေ။ မင်း ဂျူဗင်တပ်ကို ပြန်လာပါ။  ပျော်ရွှင်မှုတွေ ပြန်လည် ရရှိလာပါလိမ့်မယ်” လို့ တွစ်တာ စာမျက်နှာပေါ်ကနေ ရေးသားခဲ့တာဖြစ်ပါတယ်။

 

 

ပေါ့ဘာဟာ ယခုနှစ် ရာသီအတွင်း  မန်ယူအတွက် ၁၁ ပွဲသာ ဝင်ရောက်ကစားခွင့်ရပြီး အဲဒီထဲက ခြောက်ပွဲက အရန်ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားက မန်ယူကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ်နဲ့ မက်တိုမီနေးတို့ကို ပုံမှန်အသုံးပြုနေတာကြောင့် ပေါ့ဘာကို အရန်ကစားသမားအဖြစ် အချိန်ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ ပြင်သစ် အသင်းက ဖင်လန် အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပေါ့ဘာရဲ့ ခြေစွမ်း ကျဆင်းနေခဲ့ပြီး ပြင်သစ် လက်ရွေးစင် အသင်းနည်းပြ ဒက်ချွမ့်စ်က  မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခြင်းက လက်ရွေးစင်ရဲ့ စွမ်းဆောင်ရည်ကိုပါ တိုက်ရိုက် သက်ရောက်မှု ရှိခဲ့ကာ သူ့ကစားသမား အနေနဲ့ မန်ယူအသင်းမှာ မပျော်မရွှင် ဖြစ်နေကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

 

မေလဲ့သင်း