ဂုဏ်ယူနွှဲပျော် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်

၁၃ နိုဝင်ဘာ

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီး ကျင်းပရန် အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော် အတွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆပ်ကော်မတီ အလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့် ပညာရေးကဏ္ဍ ပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုအခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းအား မြန်မာ့သတင်းစဉ်မှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ ။

မေး။ ။ မကြာမီကျရောက်တော့မယ့် ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်အခမ်းအနားအတွက် စီစဉ် ဆောင်ရွက်ထားမှုများကို သိပါရစေ။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ဂုဏ်ပြု အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက သတ်မှတ်ပေးထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ကြိုတင်ရိုက်ကူးထားတာတွေကိုထုတ်လွှင့်ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ခြင်း စသည်ဖြင့် Virtual စနစ်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ရက် မှာ Virtual အခမ်းအနားကျင်းပပြုလုပ် သွားဖို့ လျာထားလျက်ရှိပြီး မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ရာပြည့်အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအသီးသီးက ဆောင်ရွက်ထားတဲ့ အစီအမံများကိုလည်း ပြောပြပေးပါဦး ဆရာကြီးရှင့်။

ဖြေ။ ။ ရာပြည့်လုပ်ငန်းကော်မတီ ၁၇ ရပ်ထဲမှ ယခုလက်ရှိအခြေအနေအရ အကောင်အထည်ဖော် နိုင်တဲ့ လုပ်ငန်းကော်မတီများရဲ့ လုပ်ဆောင်ချက်တွေကို MRTV အကူအညီနဲ့ ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးလုပ်ငန်းကော်မတီကတော့ သမိုင်းနှင့် အထိမ်းအမှတ်စာစောင်များပြုစု ထုတ်ဝေရေးလုပ်ငန်းကော်မတီ ဖြစ်ပါတယ်။ အဲဒီကော်မတီက ရာပြည့် Logo ပြိုင်ပွဲကျင်းပပြီး ရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အသုံးပြုနေပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အထူးစာစောင် (၄) တွဲမှာ အတွဲအမှတ် (၁) နဲ့ (၂) က စာမူတွေအဆင်သင့်ဖြစ်ပြီမို့ ပုံနှိပ်ထုတ်ဝေဖို့ တင်ဒါခေါ်ယူအပ်နှံပြီးဖြစ်ပါတယ်။ ရာပြည့်သမိုင်း ရာပြည့်ရက်စဉ် သမိုင်းစာအုပ်တွေကိုလည်း ထုတ်ဝေဖို့ ဆောင်ရွက်နေပြီး ဘာသာရပ်ဌာနများ တိုးတက်မှု မှတ်တမ်းစာအုပ်ကိုလည်း ထုတ်ဝေဖို့ စီစဉ်ဆောင်ရွက် နေဆဲ ဖြစ်ပါတယ်။

နောက်လုပ်ငန်းကော်မတီက သုတေသန စာတမ်းဖတ်ပွဲနှင့် ဟောပြောပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အဖြစ် ၁၉-၁၁-၂၀၂၀ ရက်နေ့နဲ့ ၂၀-၁၁-၂၀၂၀ ရက်နေ့မှာ Research Conference for the Centenary of the University of Yangon (RCCUY2020)။ ၄-၁၂-၂၀၂၀ ရက်နေ့နဲ့ ၅-၁၂-၂၀၂၀ ရက်နေ့ မှာ ရန်ကုန်တက္ကသိုလ်နဲ့ University of Cologne တို့ ပူပေါင်းကျင်းပမယ့် "International Conference: Transformation Processes in Myanmar V" တို့ကို အသီးသီးကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဘာသာရပ်နယ်ပယ်ပေါင်းစုံမှ သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ အခြေအနေအရ စာတမ်းဖတ်ပွဲကို Zoom Application သုံးစွဲပြီး Virtual Conference အနေနဲ့ ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက IT နည်းပညာဆိုင်ရာ လုပ်ငန်း ကော်မတီဖြစ်ပါတယ်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ဦးစီးပြီး "Education 40 toward Industry 4.0" Theme နဲ့ IT နည်းပညာဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို Panelist လေးဦးနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒုတိယတစ်ခု အနေနဲ့ “World Robotic challenge အတွေ့အကြုံဆွေးနွေးပွဲ ဖြစ်ပြီး နှစ်ခုလုံးကိုနိုဝင်ဘာလ နောက်ဆုံးအပတ် မှာ MRTV Studio မှာ ရိုက်ကူးပြီး Virtual စနစ်နဲ့ ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

သက်ကြီးပူဇော်ပွဲ လုပ်ငန်း ကော်မတီအနေနဲ့ ရန်ကုန် တက္ကသိုလ် ရာပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၈၂ နှစ် အထက် အငြိမ်းစား ဆရာကြီး ဆရာမကြီး ၁၅၀ ကျော် ကို သက်ကြီးပူဇော်ပွဲအဖြစ် ကိုဗစ် - ၁၉ အခြေအနေအပေါ် မူတည်ပြီး Face to Face (သို့မဟုတ်) Virtual နဲ့ ကန်တော့ဖို့ စီစဉ်နေပါတယ်။ ခန့်မှန်းကာလအနေဖြင့် နိုဝင်ဘာလလယ်ခန့်မှာ ကန်တော့ပစ္စည်းနဲ့ ငွေသားပေးပို့ဖို့ ရည်ရွယ်ထားပါတယ်။ သွားရောက်ကန်တော့ရာမှာ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးသွားမှာ ဖြစ်ပြီး MRTV နဲ့ ချိတ်ဆက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ Zoom နဲ့ ဆောင်ရွက်ဖို့အကူအညီရရှိနိုင်တဲ့ ဆရာကြီး ဆရာမ ကြီးများကို ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကန်တော့သွားဖို့လည်း စီစဉ်ထားပါတယ်။ သွားရောက်ကန်တော့ဖို့ အခက်အခဲရှိတဲ့ ဆရာကြီး ဆရာမကြီးများကိုယ်စား ဓာတ်ပုံများနဲ့ ကန်တော့နိုင်ဖို့လည်း ညှိနှိုင်းထားပါတယ်။ သက်ကြီးစကား သက်ငယ်ကြား စကားဝိုင်းကိုလည်း MRTV နဲ့ ရိုက်ကူး တင်ဆက်ဖို့ စီစဉ်ထားပါတယ်။

နောက်ကော်မတီတစ်ခုဖြစ်တဲ့ ပြပွဲပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီအနေနဲ့ စာစီစာကုံးပြိုင်ပွဲအတွက် အထက်မြန်မာပြည်မှ ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ အောက်မြန်မာပြည်မှ ကျောင်းသား ကျောင်းသူ ၁၆ ဦး ရွေးချယ်ထားပြီးဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ကိုဗစ်-၁၉ အခြေအနေအရ နီးစပ်ရာတက္ကသိုလ်များမှာ ကျင်းပဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ရသစာတမ်းနဲ့ ကဗျာပြိုင်ပွဲကိုလည်း ပြုလုပ်သွားဖို့ အစီအစဉ်ရှိပြီး ခေါင်း စဉ်ကို သက်ဆိုင်ရာတက္ကသိုလ်များကို ပေးပို့ပြီး ပြိုင်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ ရသစာတမ်း (ဘွဲ့ကြို)၊ ရသ စာတမ်း (ဘွဲ့လွန်)၊ ကဗျာပြိုင်ပွဲ (ဘွဲ့ကြို)နဲ့ ကဗျာပြိုင်ပွဲ (ဘွဲ့လွန်)အဖြစ် ပြိုင်ပွဲစုစုပေါင်း လေးမျိုး ကျင်းပသွား မှာ ဖြစ်ပါတယ်။

ခေတ်အလိုက်၊ ဝတ်စားဆင်ယင်မှုပြပွဲကို ရန်ကုန် တက္ကသိုလ် ငွေရတု၊ ရွှေရတု၊ စိန်ရတုနဲ့ ရာပြည့်ခေတ် လေးခေတ်တို့မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စားဆင်ယင်မှု ပုံစံ မျိုးစုံကို ကျောင်းသား ကျောင်းသူ ၂၄ ဦးက ဝတ်ဆင်ပြီး ရိုက်ကူးပြသမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှ အစဉ်အဆက် ချီးမြှင့်အပ်နှင်းတဲ့ ဘွဲ့ဝတ်စုံအမျိုးမျိုးကိုလည်း ဝတ်ဆင်ပြသပြီး MRTV ကနေ ရိုက်ကူးထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ပြပွဲတွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ ပူးပေါင်းပြီး Virtual စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းထားပါ တယ်။

ပျော်ပွဲ၊ ရွှင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီကတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)က ဦးစီးပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို အဖွဲ့တစ်ဖွဲ့လျှင် သုံးဦးနဲ့ မည်သူမဆိုယှဉ်ပြိုင်နိုင်ပြီး ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်များရဲ့ အဆင့်အလိုက် ပြိုင်ပွဲ များကို MRTV ကနေ ရိုက်ကူးထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ပြန်ကြားရေးနှင့်သတင်းထုတ်ပြန် ရေးလုပ်ငန်းကော်မတီ ဖြစ်ပါတယ်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေ ဆောင်းပါး ကဗျာ ဝတ္ထုတို ပြိုင်ပွဲများ၊ ကာတွန်းပြိုင်ပွဲ၊ ဓာတ်ပုံ၊ ပန်းချီ ပြိုင်ပွဲကျင်းပဖို့ ဖိတ်ခေါ်ဆောင်ရွက်ထားပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကနေလည်း လက်ရှိမှာ ရန်ကုန် တက္ကသိုလ်ဆိုင်ရာ မြန်မာရုပ်ရှင်ဇာတ်ကားများနဲ့ ဂုဏ်ပြု အစီ အစဉ်၊ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ တေးသီချင်း ၁၀၀ တင်ဆက်မှုအစီအစဉ်တွေကို တင်ဆက်ပြသနေတာ ကြည့်ရှုသူတွေ အားရကျေနပ်လျက်ရှိကြောင်း သိရှိရပါတယ်။

နောက်ကော်မတီတစ်ခုဖြစ်တဲ့ တက္ကသိုလ်များ ဓမ္မာ ရုံပြုပြင်ရေးလုပ်ငန်းကော်မတီက တက္ကသိုလ်များ ဓမ္မာရုံမှတ်တမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး MRTV ကနေ ရိုက်ကူးတင်ဆက် ပြသသွားမှာ ဖြစ်ပါတယ်။

သီးခြားလှုပ်ရှားမှုများအနေနဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ဦးစီးကျင်းပခဲ့တဲ့ အမှတ်သညာပွဲတော် (ဒုတိယပိုင်း)အဖြစ် ကျင်းပမယ့် “ရာပြည့်တ်ပုံပြပွဲကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ရှေ့မှာခင်းကျင်းပြီး MRTV ကနေ ရိုက်ကူးတင်ဆက်ဖို့စီစဉ်နေပါတယ်။ တက္ကသိုလ် အနုပညာအသင်းတွေရဲ့ သီဆိုဖျော်ဖြေပွဲကိုလည်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှာ ရိုက်ကူးထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်တက္ကသိုလ် ပြတိုက်ဖြစ်မြောက်ရေး အတွက်ပြတိုက်နေရာအဖြစ် အိမ်အမှတ်(၃၃)၊ အဓိပတိလမ်း၊ ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်သတ်မှတ်ထားရှိ တယ်။ ရန်ကုန်တက္ကသိုလ်ဖြစ်တည်လာခြင်း ကာလ (၁၈၇၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်)၊ ရန်ကုန်တက္ကသိုလ်ငွေရတုကာလ (၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၉၄၅ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်)၊ ရန်ကုန်တက္ကသိုလ် ရွှေရတုကာလ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၉၇၀ ပြည့်နှစ် ဒီဇင် ဘာလ ၃၁ ရက်)၊ ရန်ကုန်တက္ကသိုလ် စိန်ရတုကာလ (၁၉၇၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၉၉၅ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်)၊ ရန်ကုန်တက္ကသိုလ် - ရာပြည့်သဘင် ကာလ(၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်) စုစုပေါင်းပြခန်း ငါးခန်းရှိပါတယ်။

အဲ့ဒီအတိုင်း Physical Museum Goselge Virtual - Museum အဖြစ်လည်း ဆောင်ရွက်ထားရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ဘာသာရပ်အသီးသီးရှိ ပြတိုက်များ၊ ဓာတ်ခွဲခန်းများ၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ဘွဲ့နှင်းသဘင်စတဲ့ အထင်ကရ အဆောက်အအုံများ၊ နေရာများကို Digital နည်းပညာနဲ့ 3D Virtual Reality များအဖြစ် ဖန်တီးပြီး Virtual Museum Network တစ်ခုအဖြစ် တည်ဆောက်မှာ ဖြစ်ပါတယ်။ Virtual Tour အနေနဲ့ ကြည့်ရှုခံစားနိုင်အောင် ဖန်တီးဆောင်ရွက်မှာ ဖြစ်ပါတယ်။

မေး။ ။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဥပဓိရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ချက်များ အကြောင်းလည်း သိချင်ပါတယ် ဆရာကြီးရှင့်။ ။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်ဟာ မိမိတို့တက္ကသိုလ် ပရဝဏ် ကောင်းမွန်လှပစေဖို့နဲ့ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှု အဆင်ပြေစေဖို့အတွက် စာသင်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ တည်ဆောက် ခြင်းလုပ်ငန်းများ၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများနဲ့ နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေရရှိမှုအလိုက် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော် ကျင်းပနိုင်ဖို့အတွက် ရန်ကုန်တက္ကသိုလ် ကမာရွတ်နယ်မြေမှာ ဥပဓိရုပ်ကောင်းမွန်စေဖို့ အဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းတွေကို ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေ ကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ရာမည၊ အမရ၊ မန္တလေး၊ ဝေသာလီတောင်ငူဆောင် ငါးဆောင် အကြီးစားပြုပြင်ခြင်း၊ ဒဂုံ၊ အင်းဝ၊ ပဲခူး၊ စစ်ကိုင်း၊ သီရိ၊ အင်းယား၊ ရွှေဘို၊ ရတနာ၊ ပင်းယ၊ သထုံအိပ်ဆောင်များ ၁၀ ဆောင် အကြီးစားပြုပြင်ခြင်း၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဒဂုံလမ်း ဂျပ်ဆင်လမ်း၊ ဘွဲ့နှင်းလမ်းနဲ့ ULB လမ်းများ အဆင့်မြှင့် ပြင်ဆင်ခြင်း၊ စစ်ကိုင်းလမ်း B Point မီးစက်ရုံ အနီးမှာ သိပ္ပံဆောင်များ အသုံးပြုနိုင်ဖို့ ( 500 KVA, 116.6/0.4kVTransformer)နဲ့ ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း ၊ ULB အဆောက်အအုံအနီးမှာ ULBနဲ့ ဝန်ထမ်းအိမ်ရာများအသုံးပြုနိုင်ဖို့ (500 KVA,11-6.6/0.4kV Transformer) နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ ဝေသာလီဆောင်အနီးမှာ သာလီ၊ ရာမည၊ အမရ၊ မန္တလေး၊ တောင်ငူဆောင်များ အသုံးပြုနိုင်ဖို့ (500 KVA, 11-6.6/0.4KV Transformer) နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် ရေစင်များပြုပြင်ခြင်း လုပ်ငန်းများ ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သိပ္ပံဆောင်အများ သုံးသန့်စင်ခန်း (ပထမထပ်) အဆင့်မြှင့် ပြင်ဆင်ခြင်း၊ တက္ကသိုလ်များဓမ္မာရုံ ပြုပြင်ခြင်းလုပ်ငန်း၊ ရန်ကုန် တက္ကသိုလ်အပန်းဖြေရိပ်သာ သန့်စင်ခန်းများ အဆင့်မြှင့် ပြင်ဆင်ခြင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင် ကြားရာမှာ အဆင်ပြေလွယ်ကူစေဖို့အတွက် IT Infrastructure နှင့် ပတ်သက်တဲ့လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ တယ်။ ရန်ကုန်တက္ကသိုလ်ဌာန ၂၃ ခု ရှိ Ph.D ခန်း ၂၃ ခန်း မှာ Projector နဲ့ Screen တပ်ဆင်ခြင်း၊ စိန်ရတုခန်းမမှာ Projector တပ်ဆင်ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာတော့ သိပ္ပံဆောင် အများသုံး သန့်စင်ခန်း မြေညီထပ်အဆင့်မြှင့်ပြင်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် ICT Infrastructure နှင့် ဆက်စပ်လုပ်ငန်းများ၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်တွေ့ခန်းများ အဆင့်မြှင့်ပြင်ဆင်ခြင်း၊ ရန်ကုန် တက္ကသိုလ် ဓာတုဗေဒဌာန လက်တွေ့ခန်းလေးခန်း အဆင့်မြှင့် ပြင်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာန လက်တွေ့ခန်းနှစ်ခန်းအဆင့်မြှင့် ပြင်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် URC ဌာန လက်တွေ့ခန်းနှစ်ခန်း အဆင့်မြှင့်ပြင်ဆင်ခြင်းတွေကို ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ယူထားပါတယ်။

(ဆက်လက်ဖော်ပြပါမည်)၊

တွေ့ဆုံမေးမြန်း- မွန်းဦးနဒီ