ဂုဏ်ယူဆင်နွှဲ ဆရာကြီးဦးဖေမောင်တင် ရုပ်တုဖွင့်ပွဲ

ဒေါက်တာအောင်မြင့်ဦး

 

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုကာလဖြစ်သည့် ၂ဝ၁၈ ခုနှစ်ခန့်ကပင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများ၊ မြန်မာစာ ဌာနတွင် ပညာဆည်းပူးခဲ့ကြသော ကျောင်းသား ကျောင်းသူဟောင်းကြီးများ၊ လက်ရှိပညာဆည်းပူးလျက်ရှိကြသော မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအားလုံး၏ ရင်ထဲ တွင် ပြင်းပြသောစိတ်ဆန္ဒတစ်ခု ကိန်းအောင်းလျက် ရှိနေခဲ့ပါသည်။ ယင်းစိတ်ဆန္ဒမှာ ၂ဝ၂ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလတွင် မြန်မာစာဌာနအနေဖြင့် တစ်တပ် တစ်အား ပါဝင်ဆင်နွှဲနိုင်ရေးပင် ဖြစ်ပါသည်။

 

ညိျ

 

သီးခြားဌာနအဖြစ် ရပ်တည်နိုင်ခဲ့

ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလတွင် မြန်မာစာ ဌာနက တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနိုင်ရေးအတွက် အရင်းခံဖြစ်စေခဲ့သည့် တွန်းအားတစ်ရပ်မှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတည်ထောင်ခြင်း (၇၅) နှစ်ပြည့် စိန်ရတုသဘင်အခမ်းအနားကြီးပင် ဖြစ်ပါသည်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ် စတင် တည်ထောင်စဉ်အချိန်က မြန်မာစာဌာနသည် သီးခြား ဌာနအဖြစ် ရပ်တည်နိုင်ခြင်းမရှိသေးပါ။ ၁၉၄၁ ခုနှစ် တွင်မူ ဆရာကြီး ဦးဖေမောင်တင်၏ ကြိုးပမ်းမှုဖြင့် မြန်မာစာဌာနသည် ရန်ကုန်တက္ကသိုလ်၌ သီးခြားဌာန အဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ မြန်မာစာဌာနတည်ထောင် သည့် (၇၅) နှစ်ပြည့်မြောက်သော ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ တွင် မြန်မာစာဌာန စိန်ရတုသဘင်ကို စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ရာ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။

 

မြန်မာစာဌာန စိန်ရတုသဘင်ကို အကြောင်းပြု၍ မြန်မာစာ ကျောင်းသား ကျောင်းသူဟောင်းကြီးများ၊ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၊ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ ဆရာမများ သည် တပေါင်းတစည်းတည်း အင်အားစုစည်းမိခဲ့ကြပြီး မကြာမီကျရောက်တော့မည့် ရန်ကုန်တက္ကသိုလ် ရာပြည့် အကြိုကာလနှင့် ရာပြည့်ပွဲသဘင်ကြီးတွင် အင်တိုက် အားတိုက်ပါဝင်ဆင်နွှဲရန် အားခဲခဲ့ကြပါသည်။

၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ကျောင်းသားဟောင်းများအသင်းကို တရားဝင် ဖွဲ့စည်း နိုင်ခဲ့ပြီး မြန်မာစာကျောင်းသားဟောင်းများအသင်း၊ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များသည် ဆွေးနွေးပွဲများပုံမှန်ကျင်းပပြီး ဌာန၏ ပုံမှန် လှုပ်ရှားမှုများသာမက ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ကာလနှင့် ရာပြည့်သဘင်ပွဲတော်ကြီးတွင် ပါဝင် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲများတွင် ရန်ကုန်တက္ကသိုလ် နှင့် ပတ်သက်၍ဖြစ်စေ၊ ပညာရပ်ဖွံ့ဖြိုးရေး၊ သုတေသန ဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်၍ဖြစ်စေ၊ မြန်မာစာဌာနနှင့် ပတ်သက်၍ဖြစ်စေ ဂုဏ်အပြုထိုက်ဆုံးသော၊ ကျေးဇူး အဆပ်ထိုက်ဆုံးသော ပုဂ္ဂိုလ်ကြီးတစ်ဦးကို ကြေးရုပ်တု ပြုလုပ်ကာ မြန်မာစာဌာနတွင် ဂုဏ်ပြုထားရှိသင့်ကြောင်း ရလဒ်တစ်ခု ပေါ်ထွက်လာခဲ့ပါသည်။ ကြေးရုပ်တု ပြုလုပ်ထားရှိကာ ဂုဏ်ပြုမည့် ပုဂ္ဂိုလ်ကြီးကား အခြားသူ မဟုတ်။ ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးသော မြန်မာ လူမျိုး ကျောင်းအုပ်ကြီး၊ မြန်မာစာဌာနကို စတင် တည်ထောင်ပေးခဲ့သူ မြန်မာစာဌာန၏ ဖခင်ကြီး ဆရာကြီး ဦးဖေမောင်တင်ပင် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ်မပေါ်ပေါက်မီ ကိုလိုနီခေတ်တွင် ဆရာကြီး ဦးဖေမောင်တင်သည် မြန်မာ လူမျိုးများထဲမှ ရှားရှားပါးပါး ပညာတတ်တစ်ယောက် ဖြစ်ပါသည်။ ၁၉ဝ၉ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုစဉ်က ဘီအေဘွဲ့ရရှိသူ ကိုးဦး သာ ရှိခဲ့ပါသည်။ ဘီအေဘွဲ့ရလျှင် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားမှ ရာထူးဌာနန္တရ ကြီးကြီးမားမား ရနိုင်သော်လည်း ဆရာကြီး ဦးဖေမောင်တင်သည် တက္ကသိုလ်ဆရာအဖြစ်သာ ခံယူခဲ့သည်။ ထိုအချိန်က ရန်ကုန်ကောလိပ်တွင် အင်္ဂလိပ် လူမျိုးများထဲ၌ ပါဠိတတ်သူမရှိသည့်အတွက် ပါဠိတတ်သည့် ဆရာကြီးဦးဖေမောင်တင်ကို ဆရာခန့်အပ်ခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်မှ အမ်အေဘွဲ့ကို ရရှိ သည်။

 

ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် တက္ကသိုလ်တစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းသူများတွင် ဆရာကြီး ဦးဖေမောင်တင်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တည်ထောင်ရန် ၁၉၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော တက္ကသိုလ်ဖြစ်မြောက်ရေးအဖွဲ့ (University Standing Committee) တွင် ဆရာကြီး ဦးဖေမောင်တင်သည် တစ်ဦးတည်းသော မြန်မာလူမျိုး အဖွဲ့ဝင်ဖြစ်သည်။ ဤအချက်ကပင် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်းသည် ဆရာကြီး ဦးဖေမောင်တင်၏ ကျေးဇူးမကင်းကြောင်း ထင်ရှားပါသည်။ ပညာရပ်နယ်ပယ် တွင် အင်္ဂလိပ်ဝေါဟာရများ လွှမ်းမိုးနေချိန်တွင် ပညာရပ် အခေါ်အဝေါ်များကို မြန်မာမှုပြုနိုင်ရန် ဆရာကြီး ဦးဖေ မောင်တင်သည် အခြားသော မြန်မာပညာရှင်များနှင့် ပူးပေါင်း ကာ ကြိုးပမ်းခဲ့သည်။ ရန်ကုန်ယူနီဗာစီတီကို “ရန်ကုန် တက္ကသိုလ်” ဟု ခေါ်တွင်နိုင်ခဲ့ခြင်းသည်ပင် ဆရာကြီး ဦးဖေမောင်တင်၏ ဦးဆောင်ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပါသည်။

 

နခ

 

ဘီလစ်ဘွဲ့ကို ရရှိခဲ့

ဗြိတိသျှအစိုးရသည် ဆရာကြီး ဦးဖေမောင်တင်ကို ရန်ကုန်တက္ကသိုလ်၏ အနာဂတ်အတွက် ရည်မှန်းထား ခဲ့ဟန် ရှိပါသည်။ သူတို့ရည်မှန်းထားသူသည် “အင်္ဂလန် နိုင်ငံလုပ်” (Made in England) ဖြစ်ရန် လိုအပ်သည့် အလျောက် ပညာထူးချွန်သည့် ဆရာကြီး ဦးဖေမောင်တင် ကို ၁၉၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်း ရန်ကုန်တက္ကသိုလ် တည်ထောင်ခါနီးတွင် ဗြိတိသျှအစိုးရသည် ဆရာကြီး ဦးဖေမောင်တင်ကို အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် သို့ ပညာသင်စေလွှတ်ခဲ့ပါသည်။ ၁၉၂၂ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ် အက်ဇီတာကောလိပ် (Exeter College) မှ ဘီလစ်ဘွဲ့ (B.Litt) ကို ရရှိခဲ့သည်။ ၁၉၂၃ ခုနှစ် အောက်စဖို့ဒ် တက္ကသိုလ်တွင် အင်္ဂလိပ်စာပေသမိုင်းကို ဆက်လက်သင်ယူ ခဲ့သည်။

 

ထို့နောက် လန်ဒန်တက္ကသိုလ်တွင် ဒေါက်တာ ဘလက်ဒင် (Dr.Blagden) ထံ၌ ရှေးဟောင်း မွန်ကျောက်စာ သင်တန်းကို တက်ရောက်ခဲ့သည်။ ထိုစဉ်က ဆရာကြီး လေ့လာဆည်းပူးခဲ့သော မွန်ကျောက်စာလေ့လာမှုသည် နောင်အခါတွင် မြန်မာနိုင်ငံ၏ ရှေးဟောင်းမွန်ကျောက်စာ လေ့လာမှုအတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့ပါသည်။

 

ဆရာကြီးသည် အင်္ဂလန်နိုင်ငံ အက်ဇီတာကောလိပ် တွင် ပညာသင်ယူနေစဉ်တွင် ဗုဒ္ဓဘာသာကို အနောက် ကမ္ဘာက ပိုမိုသိရှိလာအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါ သည်။ ထိုကာလတွင် အဋ္ဌသာလိနီနှင့် ဝိသုဒ္ဓိမဂ် အဋ္ဌ ကထာတို့ကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သည်။ ဝိသုဒ္ဓိမဂ် သည် အလွန်ခက်ခဲနက်နဲသော ကျမ်းဖြစ်ပြီး အင်္ဂလိပ် ဘာသာသို့ပြန်ဆိုရန် မည်မျှခက်ခဲပင်ပန်းမည်ဆိုသည်မှာ ဆိုဖွယ်ရာ မရှိပါ။ ဆရာကြီးသည် အင်္ဂလိပ်စာ ကျွမ်းကျင် နိုင်နင်းပြီး ပါဠိဘာသာကို အဆင့်မြင့်မြင့် သင်ယူခဲ့သူ ဖြစ်ရာ ဆရာကြီး၏ ဘာသာပြန်ကို အင်္ဂလိပ် ပညာရှင်များ ကပင် “အလွန်ဖတ်ချင့်စဖွယ်စာဟန်” (very readable flow) ဖြင့် ရေးသားနိုင်သည်ဟုပင် ချီးကျူးခဲ့ကြရသည်။

 

အဋ္ဌသာလိနီ [The Expositor (Atthasalini)] ပထမတွဲနှင့် ဒုတိယတွဲတို့ကို ၁၉၂ဝ ပြည့်နှစ်နှင့် ၁၉၂၁ ခုနှစ်တို့တွင်လည်းကောင်း၊ ဝိသုဒ္ဓိမဂ် (The Path of Purity: being a translation of Buddhaghosa's Visuddimagga) ပထမပိုင်း၊ ဒုတိယပိုင်း၊ တတိယပိုင်း တို့ကို ၁၉၂၃၊ ၁၉၂၉၊ ၁၉၃၁ ခုနှစ်တို့တွင်လည်းကောင်း လန်ဒန်ပါဠိစာပေအသင်း စာစဉ်အဖြစ် ထုတ်ဝေခဲ့သည်။ ဆရာကြီး၏ ဗုဒ္ဓဘာသာအပေါ် ထားရှိသည့် စေတနာနှင့် စွမ်းဆောင်ချက်ကြောင့် အနောက်နိုင်ငံများက ဗုဒ္ဓဘာသာ ကို ပိုမိုသိရှိလာခဲ့ကြပါသည်။

၁၉၂၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်ခဲ့ပြီး ထိုအချိန်၌ စတင်ထူထောင်ဖွင့်လှစ်သည့် အရှေ့တိုင်း ပညာပါမောက္ခ (Professor of Oriental Studies) အဖြစ် ခန့်အပ်ခြင်းခံရသည်။

 

ဆရာကြီး ဦးဖေမောင်တင်သည် ပါဠိစာပေပြန့်ပွားရေး သာမက မြန်မာစာပေထွန်းကားရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ထိုစဉ်က ဗြိတိသျှအစိုးရသည် မြန်မာ စာပေဟူ၍ ရှိသည်ဟုပင် မယူဆသဖြင့် မြန်မာစာပေ သည် များစွာအောက်ကျနောက်ကျ ဖြစ်နေခဲ့ရသည်။ ဆရာကြီးသည် ထိုနှစ်တွင်ပင် မြန်မာစာ သင်ကြားရေး အတွက် ဂန္ထဝင်မြောက် ရှေးဟောင်း မြန်မာစာပေများကို စုဆောင်းတည်းဖြတ်ခဲ့သည်။ ရေးသားပြုစုခဲ့သည်။ မြန်မာစာသင်ကြားရေးကို ချဲ့ထွင်ပေးရန် ရန်ကုန် တက္ကသိုလ်ဆီးနိတ်အဖွဲ့သို့ အရေးဆိုခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်ဆီးနိတ်က ကျောင်းသားတိုင်း မြန်မာစာကို မသင်မနေရဘာသာအဖြစ် ဥပဒေထုတ်ပေးခဲ့ရသည်။

 

ျမအြါ

 

“ခေတ်စမ်းစာပေ” အမည်ဖြင့်

စာပေတစ်ခေတ် ဆန်းသစ်စေခဲ့

၁၉၂၅ ခုနှစ်တွင် မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ပထမဆုံး မြန်မာစာ ဂုဏ်ထူးတန်း ကျောင်းသားမှာ မောင်စိန်တင် (သိပ္ပံမောင်ဝ) ဖြစ်သည်။ ဆရာကြီး ကြိုးပမ်းခဲ့သော မြန်မာစာပေသည် မောင်စိန်တင်၊ မောင်သိန်းဟန်(ဇော်ဂျီ)၊ မောင်ဝန် (မင်းသုဝဏ်) စသည့်တပည့်များ ရောက်ရှိလာချိန်တွင် ခေါင်းထောင်စပြုလာခဲ့သည်။ “တပည့်သည် ဆရာထက် တော်ရမည်”ဆိုသော ဆရာကြီး၏ စကားသည် သင်ကြားရေးအတွက် လမ်းညွှန်ချက်သဖွယ် ဖြစ်လာ ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ရေးသားပြီး ဆရာကြီးတည်းဖြတ်ကာ မြန်မာနိုင်ငံပညာပြန့်ပွားရေး အသင်းမှ ထုတ်ဝေခဲ့သော “ခေတ်စမ်းပုံပြင်များ” စာအုပ် နှင့် “ခေတ်စမ်းကဗျာများ” စာအုပ်တို့သည် မြန်မာစာပေ ကို “ခေတ်စမ်းစာပေ” အမည်ဖြင့် စာပေတစ်ခေတ် ဆန်းသစ်စေခဲ့သည်။

 

ထိုအချိန်က တက္ကသိုလ်အာဏာပိုင် အင်္ဂလိပ်လူမျိုး များသည် မြန်မာစာကိုသာမက မြန်မာရာဇဝင်ကိုလည်း များစွာ အထင်အမြင်သေးခဲ့ကြသည်။ မြန်မာရာဇဝင်ကို ဒဏ္ဍာရီပုံပြင်မျှလောက်သာ သဘောထားခဲ့ကြသည်။ ထို့ကြောင့်လည်း ဆရာကြီးသည် ကျောက်စာများကို အထောက်အထားပြုပြီး သမိုင်းသင်နိုင်ရန် ကြိုးစား ခဲ့သည်။ မြန်မာစာပေနှင့် မြန်မာရာဇဝင်သည် ဘက်ညီညီ ကြီးပွားမှဖြစ်မည်ဟု ယုံကြည်ယူဆခဲ့သည်။ အတိုက် အခိုက်များကြားမှ မြန်မာသမိုင်းသင်ကြားရေးအတွက် အားထုတ်ခဲ့သည်။ မြန်မာစာပေနှင့် မြန်မာ့သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော၊ လွန်စွာကျေးဇူးကြီးမားလှသော တိုင်းရင်းမြန်မာကျောက်စာထုပ်ကြီး (Inscriptions of Burma) ငါးတွဲကို ပါမောက္ခ လုစ် (G.H. Luce) နှင့် တွဲဖက်ကာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။

 

ဆရာကြီး ဦးဖေမောင်တင်သည် ပါဠိ၊ မြန်မာစာ၊ သမိုင်းဘာသာရပ်များအတွက်သာ အကျိုးပြုခဲ့သူ မဟုတ် ပါ။ သိပ္ပံပညာရပ်ကို မြန်မာလူမျိုးများ ရင်းနှီးကျွမ်းဝင်ပြီး လက်လှမ်းမီစွာ လေ့လာနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ သူလည်း ဖြစ်ပါသည်။ ၁၉၂၉ ခုနှစ်တွင် ဆရာကြီး ဦးဖေမောင်တင်သည် ပါမောက္ခ အင်ဒရာဒေ (Professor Andrade) ၏ “The Atom” ကျမ်းကို “အနုမြူ” အမည် ဖြင့် မြန်မာပြန်ဆိုခဲ့သည်။ တစ်ဖန် ဆာဝီလီယံဘရက် (Sir William Bragg) ၏ “Concerning the Nature of Things”ကျမ်းမှ ပထမအခန်းကို “အနုမြူဒီပနီ” အမည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။ ဒြပ်စင်၊ ဒြပ်နှော၊ ဓာတ်ဖို၊ ဓာတ်မ၊ မြူမှုန်စသည့် ဘာသာပြန်ဝေါဟာရ များကို တီထွင်အသုံးပြုပြီး သိပ္ပံပညာရပ်ကို မြန်မာလို လေ့လာသင်ကြားနိုင်ကြောင်း ပြသခဲ့သည်။

 

၁၉၃၆ ခုနှစ် မတ်လတွင် ဆရာကြီးဦးဖေမောင်တင် သည် တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုအချိန်က အင်္ဂလိပ်လူမျိုး ကျောင်းအုပ်ကြီး ဖြစ်သည့် မစ္စတာစလော့ကို ကျောင်းသားများ မကျေနပ်၍ ဆူဆူပူပူဖြစ်လာကာ သပိတ်မှောက်ရန် စိုင်းပြင်း လာကြသည့်အတွက် အစိုးရက မြန်မာလူမျိုးဖြစ်သည့် ဦးဖေမောင်တင်ကို ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဆရာကြီး ဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး သော မြန်မာလူမျိုး ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သည်။ ဆရာကြီးသည် ကျောင်းအုပ်ကြီးဖြစ်လာချိန်မှစ၍ မြန်မာကျောင်းသားများဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏အကျိုးကို စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့ပါသည်။

 

ဆရာကြီး ဦးဖေမောင်တင် ရန်ကုန်တက္ကသိုလ်၏ ကျောင်းအုပ်ကြီးဖြစ်လာချိန်အထိ မြန်မာစာဌာနသည် သီးခြားဌာနတစ်ခုအဖြစ်မရှိသေးပါ။ မြန်မာစာပေသည် အရှေ့တိုင်းဘာသာစာပေ လေ့လာရေးဌာနအောက်တွင် ပါဠိစာပေ၊ ပါရှန်စာပေတို့နှင့်အတူ ရှိခဲ့ပါသည်။ အင်္ဂလိပ် အာဏာပိုင်တို့သည် မြန်မာစာပေ၊ မြန်မာဘာသာစကား လေ့လာမှုသည် သီးခြားဌာနတစ်ခုအဖြစ် တည်ထောင် ရလောက်အောင် အစဉ်အလာမရှိဟု မှတ်ယူထားကြ သည်။ ဆရာကြီးသည် မြန်မာရှေးဟောင်းစာများ၊ မြန်မာ့ ဂန္ထဝင်စာပေများကို ပုံနှိပ်စာအုပ်များ ဖြစ်လာအောင် တပည့်တပန်းများဖြင့် ကြိုးပမ်းဖော်ထုတ်သည်။ မြန်မာစာ ကျောင်းသုံးစာအုပ်များ ပြဋ္ဌာန်းနိုင်အောင် ပြုစုထုတ်ဝေ သည်။ ဆရာကြီး၏ပြင်းပြသော စိတ်ဆန္ဒနှင့် ကြီးမားသော ဇွဲလုံ့လကြောင့် ၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ မြန်မာစာဌာနသည် သီးခြားဌာနတစ်ခုအဖြစ် မားမား မတ်မတ် ထွက်ပေါ်လာခဲ့ပါသည်။

 

များစွာအထောက်အကူပြု

တက္ကသိုလ်ပညာရေးသည် သုတေသနနှင့် ကင်းကွာ၍ မရကြောင်းခံယူသည့်အလျောက် ဆရာကြီးသည် မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်သူများ ထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်း၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။၁၉၃၄ခုနှစ်တွင် မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေးအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြန်မာနိုင်ငံ သုတေသနအသင်း၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ သုတေသန အသင်းကြီးက သုတေသန စာအုပ်၊ စာစောင်များ ပုံနှိပ် ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုသုတေသနအသင်းကြီးက ထုတ်ဝေသောစာအုပ် စာစောင်များသည် တက္ကသိုလ် ပညာသင်ကြားရေးအတွက် များစွာ အထောက်အကူပြုခဲ့သည်။

 

စစ်ကြီးဖြစ်ပွားပြီးနောက် ဂျပန်ခေတ်တွင် ၁၉၄၃ ခုနှစ် မေလမှ ၁၉၄၅ ခုနှစ် ဧပြီလအထိ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ထို့နောက်ဆရာကြီးသည် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစား ယူပြီးနောက်ပိုင်းတွင်လည်း သက်ကြီးတက္ကသိုလ် ပထမဆုံး ကျောင်းအုပ်ကြီး၊ ရန်ကုန်တက္ကသိုလ် ပါဠိ ဂုဏ်ထူးဆောင် ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာန အကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘာသာပြန်သုခမိန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ့စွယ်စုံကျမ်းစိစစ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသုတေသနအသင်းဥက္ကဋ္ဌ၊ မြန်မာစာပေပြုစုထုတ်ဝေရေးနှင့် ဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဂုဏ်ထူးဆောင်ပါမောက္ခစသည်ဖြင့် တိုင်းပြည်အကျိုး၊ ရန်ကုန်တက္ကသိုလ်၏အကျိုးကို သေတစ်ပန် သက်တစ်ဆုံး ဆောင်ရွက်သွားခဲ့ပါသည်။

ဆရာကြီးဦးဖေမောင်တင်၏ ကျေးဇူးတရားမှာ ကြီးမားများပြားလှပါသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့် ကာလတွင် မြန်မာစာဌာနအနေဖြင့် ဆရာကြီး ဦးဖေမောင် တင်၏ ကျေးဇူးတရားများကို ပြန်လည်ပေးဆပ်နိုင်ရန် အတွက် ဆရာကြီး ဦးဖေမောင်တင် အမှတ်တရ ကြေး ရုပ်တုကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင်ထားရှိရန် ၂ဝ၁၈ ခုနှစ်က စတင်ကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ကြေးရုပ်တုကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ကျောင်းသားဟောင်းများက လှူဒါန်းပြီး ဆရာကြီး ဦးဖေမောင်တင်၏ ဉာဏ်ပညာနှင့် စွမ်းဆောင်ချက်များကို မြန်မာစာမျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ အားကျအတုယူနိုင်စေရေးအတွက် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတည်ရှိရာ တောင်ငူဆောင် မြက်ခင်းပြင်တွင် ထားရှိရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပါသည်။

 

ဆရာကြီး ဦးဖေမောင်တင်ရုပ်တုထားရှိရန် လုပ်ငန်း အဆင့်ဆင့်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်နှင့် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတည်ထောင်သည့် (၇၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆရာကြီး ဦးဖေမောင်တင် ရုပ်တုဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက် (သောကြာနေ့) နံနက် ၉ နာရီမှစတင်ကာ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာနတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (အငြိမ်းစား) ဦးထင်ကျော်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းနှင့် ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခ များ၊ တက္ကသိုလ်အသီးသီးမှ မြန်မာစာ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ရန်ကုန်တက္ကသိုလ် မျိုးဆက်ဟောင်း မျိုးဆက်သစ် မြန်မာစာ မြန်မာမှု ကျောင်းသား ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပရာ ပထမပိုင်း အစီအစဉ်အဖြစ် နိုင်ငံတော်သမ္မတ (အငြိမ်းစား) ဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တို့က အမှာစကားအသီးသီး ပြောကြားကြသည်။ ဆက်လက်၍ ဆရာကြီး ဦးဖေမောင်တင်၏သမီး အင်္ဂလန် နိုင်ငံမှ ရောက်ရှိလာသူ ဆရာမကြီး ဒေါ်တင်တင်မြိုင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က အမှတ်တရ စကားပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတ (အငြိမ်းစား) ဦးထင်ကျော်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆရာကြီး ဦးဖေမောင်တင်၏ သမီး ဆရာမကြီးဒေါ်တင်တင်မြိုင်၊ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) တို့က ဆရာကြီး ဦးဖေမောင်တင် ရုပ်တုကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

‌ေိတန‌ေ

 

ကဗျာရွတ်ဆိုခြင်းတို့ဖြင့် ဂုဏ်ပြုခဲ့ကြ

ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲ ၁ နာရီအချိန်တွင် ပြန်လည်စတင်ပြီး ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒေါက်တာအောင်မြင့်ဦး၊ မောင်သာချို၊ ရွှေဒါးမောင်လေးရည်၊ သုလင်းဝေ၊ မိုးဆင့်သူ (မြန်မာစာ) တို့က ဆရာကြီးဦးဖေမောင်တင် အမှတ်တရ စကားပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းတို့ဖြင့် ဂုဏ်ပြု ခဲ့ကြပါသည်။

 

ရုပ်တုဖွင့်ပွဲကျင်းပပြီးနောက် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အောက်စဖို့ဒ် ဆရာတော်ကြီးနှင့် တကွ သံဃာတော်များသည် ဆရာကြီးဦးဖေမောင်တင် ရုပ်တုကို လာရောက်ကြည့်ရှုခဲ့ကြပြီး ကျက်သရေမင်္ဂလာ တိုးပွားစေရန် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ပေးခဲ့ကြပါသည်။ ရုပ်တုဖွင့်လှစ်ပြီးချိန်မှစ၍ ဆရာကြီး ဦးဖေမောင်တင်၏ သားတပည့်များ၊ မြေးတပည့်များသည် ရုပ်တုတည်ရှိရာ တောင်ငူဆောင် မြက်ခင်းပြင်သို့ လာရောက်ကာ ဆရာကြီးအား ဂါရဝပြုကြပြီး ဝမ်းမြောက် ပီတိ ပွားများခဲ့ကြသည်။

 

“ကတညုတ မင်္ဂလာ” သူပြုဖူးသော ကျေးဇူးကို သိခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါး ဖြစ်သည် ဟူသော မင်္ဂလာတရားတော်နှင့်အညီ ဆရာကြီး ဦးဖေမောင်တင်ကို ကျေးဇူးဆပ်သောအားဖြင့် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန တောင်ငူဆောင် မြက်ခင်းပြင် တွင် ဆရာကြီး၏ရုပ်တုကို ဖွင့်လှစ်ထားရှိနိုင်ခဲ့ခြင်းသည် မြန်မာစာဌာန၊ မြန်မာစာကျောင်းသား ကျောင်းသူဟောင်း ကြီးများ၊ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ အတွက်သာမက ရန်ကုန်တက္ကသိုလ်တစ်ခုလုံး၊ မြန်မာ့ ပညာရေးမိသားစုများအားလုံး မြန်မာပြည်သူတစ်ရပ်လုံး အတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ မင်္ဂလာတစ်ပါးပင် ဖြစ်ပါသည်။ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ သည် ဆရာကြီးဦးဖေမောင်တင်၏ ရုပ်တုကို မြင်တွေ့ခွင့် ရရှိပြီးနောက် ဆရာကြီး၏ ကြိုးပမ်းစွမ်းဆောင်ချက် များကို လေ့လာမှတ်သားအတုယူကြိုးစားလိုစိတ်များ ပွားများလာကြမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တောင်ငူဆောင် မြက်ခင်းပြင်တွင် ဖွင့်လှစ်ထားရှိလိုက်သော ဆရာကြီး ဦးဖေမောင်တင်ရုပ်တုသည် ဆရာကြီး၏ စွမ်းဆောင်မှု များနှင့်အတူ ထာဝစဉ်အဓွန့်ရှည်တည်တံ့နေမည် ဖြစ်ပါ တော့သည်။ ။