ဂျပန်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

mdn

အောက်တိုဘာ ၂၀

 

ဂျပန်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့က လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ရန် တနင်္လာနေ့က သဘောတူကြောင်း သိရပါတယ်။ ကာကွယ်ရေးပစ္စည်းတွေနဲ့ နည်းပညာတွေကို အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကို တင်ပို့ရန် သဘောတူခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

အခုသဘောတူညီချက်ဟာ တောင်တရုတ်ပင်လယ်မှာ ပေကျင်းရဲ့လွမ်းမိုးမှု မြင့်မားနေချိန် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံကနေ ကင်းလှည့်လေယာဉ်နဲ့ ရေဒါပစ္စည်းလိုမျိုး ပစ္စည်းတွေကို တင်ပို့နိုင်မယ်လို့ ဂျပန်သတင်းဌာန Kyodo မှာ ရေးသားထားပါတယ်။

 

ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက နှစ်နိုင်ငံကြား လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကာကွယ်ရေးပစ္စည်းနဲ့ နည်းပညာတင်ပို့ရေးအတွက် မူအားဖြင့် သဘောတူညီရရှိခဲ့တာဟာ ကြီးမားတဲ့ပထမခြေလှမ်းဖြစ်တယ်။ အကောင်အထည်ဖော်ဖို့ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဆူဂါ ဟာ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်စဉ် ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

 

ဂျပန်နဲ့ ဗီယက်နမ်ကြားမှာ စီးပွားရေး ပြန်လည်စတင်ရန်အတွက် သဘောတူညီချက်တွေလည်း ရရှိခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နှစ်နိုင်ငံကြားက လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းထားခဲ့ရာမှ ကျွမ်းကျင်လုပ်သားတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲတွေကို ၁၄ ရက် သီးခြားစောင့်ကြည့်မှုအောက်မှ နေစရာမလိုဘဲ ခရီးသွားရေးကို ပြန်လည်စတင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းတွေကိုတော့ လိုက်နာဖို့လိုအပ်ကြောင်း ဂျပန်သတင်းဌာန Kyodo  မှာ ရေးသားထားပါတယ်။

 

 

MDN

ကိုးကား - AFP