ဂျပန်နိုင်ငံက အာဖရိကခြောက်နိုင်ငံမှ ခရီးသွားများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းများ တင်းကျပ်မည်

တိုကျို နိုဝင်ဘာ ၂၈

ဂျပန်နိုင်ငံသည် တောင်အာဖရိက၌ Omicron ဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်သစ်တစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် အာဖရိကခြောက်နိုင်ငံမှ ရောက်ရှိလာသည့် ခရီးသွားများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးသန့်ခွဲထားစောင့်ကြည့်မှု စည်းကမ်းများကို တင်းကျပ်သွားမည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

တောင်အာဖရိကနိုင်ငံ၊ အက်ဆွာတီနီနိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ နမီးဘီးယားနိုင်ငံ၊ ဘော့ဆွာနာ နိုင်ငံနှင့် လီဆိုသိုနိုင်ငံတို့မှ ရောက်ရှိလာသည့် ခရီးသွားများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာသီးသန့် ခွဲထားစောင့်ကြည်မှု စည်းကမ်းများကို တင်းကျပ်ရန် ဂျပန်နိုင်ငံအစိုးရအဖွဲ့မှ အတွင်းရေးမှူး မက်ဆူနို ဟီရိုကာဇူက ယမန်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါအာဖရိကခြောက်နိုင်ငံမှ ခရီးသွားများအား ယနေ့မှစတင်၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာပြီးနောက် အစိုးရကသတ်မှတ်ထားသည့် နေရာများ၌ ၁၀ ရက်ကြာနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်သည် တောင်အာဖရိကနိုင်ငံ၌ အဓိကပျံ့နှံ့နေခြင်းဖြစ်ကြောင်း ယင်းဗိုင်းရပ်စ်သည် အများအပြားကူးစက်ခံနေရကြောင်းနှင့် လက်ရှိအသုံးပြုနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် အဆိုပါဗီဇပြောင်း ဗိုင်းရပ်စ်အသစ်အား တိုက်ဖျက်ရာတွင် ထိရောက်မှု အားနည်းကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်