ဂျပန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီမှ ကော်မရှင်နာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုပ်ရှင်ဖွံဖြိုးတိုးတက်ရေးစင်တာနှင့် ဖလင်ပိဋကတ်တိုက်အား သွားရောက်ကြည့်ရှုလေ့လာ

ရန်ကုန် ၈  နိုဝင်ဘာ

ဂျပန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီမှ ကော်မရှင်နာ မစ္စတာ မီရတကိုဟေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားအမှတ် (၅၀) ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်း အမှတ် (၃၅/အေ) ရှိ ဖလင်ပိဋကတ်တိုက်သို့ လာရောက်ကြည့်ရှု လေ့လာသည်။

အဆိုပါ ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည်  မွန်းလွဲ (၂) နာရီတွင် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာသို့ ရောက်ရှိပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သော ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာအဖွဲ့နှင့် တွေ့ဆုံပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုး တက်ရေးစင်တာကို အတတ်ပညာနှင့်အသိပညာများ သင်ကြားလေ့ကျင့်ပေးရန် ၊ ရုပ်ရှင် လောကသားအချင်းချင်း ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းများ အပြန်အလှန် ပေါင်းကူးဆက်သွယ်  ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားရှိမှု၊ ၎င်းတွင် သင်တန်း နှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေမှု၊ ရုပ်ရှင်ဇာတ်ကားများ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းများ ပြုလုပ်နေမှု၊ စတူဒီယို(၃)ခု ပြုပြင်မွမ်းမံပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးသည်။

ထို့ပြင် ဂျပန်ရုပ်ရှင်ပွဲတော်ကို ယခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်းကောင်း၊ မြန်မာ-ဂျပန် ဂန္တဝင်ရုပ်ရှင်ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ရန်ကုန်မြို့တွင် လည်းကောင်း ကျင်းပရန် စီစဉ်ဆောင်ရွက်နေမှု၊ ဖလင်ပိဋကတ်တိုက်တွင် အဖြူ/အမဲ နှင့် ဆေးရောင်စုံ ရုပ်ရှင်ဇာတ်ကားများ၊ သတင်းမှတ်တမ်းကားများနှင့် DCP တို့ ထိန်းသိမ်းထားရှိမှု၊ Save Myanmar Film နှင့် ပူးပေါင်း၍ ဖလင်များ ထိန်းသိမ်းရေးဆောင်ရွက်မှုနှင့် နည်းပညာ လိုအပ်ချက်များအား ဆွေးနွေးကြသည်။

ထို့နောက် ဂျပန်နိုင်ငံ ကော်မရှင်နာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဖလင်ပိဋကတ်တိုက်တွင် ဖလင်များ ထားရှိမှုတို့ကို ကြည့်ရှုလေ့လာကြသည်။

 

mdn

 

ဂျပန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာအေဂျင်စီသည် ဂျပန်နိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အထူးအဖွဲ့အစည်း တစ်ခုဖြစ်သည်။  အနုပညာနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်၊ ဂျပန်နိုင်ငံနှင့် နိုင်ငံတကာ သတင်းအချက်အလက်များ ဖြန့်ချိရန် အဓိကထား ဆောင်ရွက်နေပြီး ၎င်း အေဂျင်စီသည် လူငယ်အနုပညာရှင်များကို အထူးဆုများချီးမြှင့်ခြင်း၊ သမိုင်းဝင်နေရာများနှင့် အနုပညာ အမျိုးသားပြတိုက်များကို အကာအကွယ်ပေးခြင်းနှင့် ရန်ပုံငွေထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

​​​​mdn