ဂျပန်နိုင်ငံ  Akemi Chan Fund နှင့် ရန်ကင်းကလေးဆေးရုံတို့၏ မွေးရာပါကလေး နှလုံးရောဂါ ပူးပေါင်းကုသရေးစီမံချက် ၅ နှစ်ပြည့်မြောက်သည့် အခမ်းအနား ကျင်းပ

ရန်ကုန်  ၁၄  ဖေဖော်ဝါရီ

ဂျပန်နိုင်ငံ Akemi Chan Fund နှင့် ရန်ကင်းကလေးဆေးရုံတို့၏  မွေးရာပါကလေး နှလုံးရောဂါ ပူးပေါင်းကုသရေးစီမံချက် ၅ နှစ်ပြည့်မြောက်သည့် အခမ်းအနားအား ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာရီရီမြင့်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Maruyama Ichiro ၊ Akemi Chan Fund ဥက္ကဋ္ဌ  Prof. Nakanishi ၊ ရန်ကင်းကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်၊ နှလုံးအထူးကုဆရာဝန်ကြီးများ၊ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ ဆရာမများ၊ Akemi Chan Fundမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Maruyama Ichiro က အဖွင့် အမှာ စကားပြောကြားရာတွင် ကလေးငယ်များကို ကူညီကုသပေးခဲ့တဲ့ ၅နှစ်တာ ကာလကို အထူးဂုဏ်ယူကျေးဇူးတင်ပါကြောင်း၊ ဒီလို ကူညီနိုင်စေရန် ကူညီပေးကြသူများကို ကျေးဇူးတင်ပါကြောင်း၊ ထပ်မံပြီး ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း ထည့်သွင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာရီရီမြင့် က အမှာစကားပြောကြားပြီး  Editorial director of Sankei shinbun၊ Akemi Chan Fund ဦးစီးကော်မတီဝင် Mr. Torii Yusoke's က Akemi Chan Fund ၏ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။  ရန်ကင်းကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင် က နိဂုံးချုပ်စကား ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာရီရီမြင့် က "ကျွန်မတို့ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများက ကလေးတော်တော်များများရဲ့ ရောဂါကို ပျောက်ကင်းသွားအောင် အသက်ကယ်နိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးလည်း ဂျပန်နိုင်ငံ နဲ့ လေ့ကျင်ရေးနဲ့ ပူးပေါင်းကုသမှုများ ဆက်လုပ်ကြပြီး နှလုံးရောဂါသည် ကလေးငယ်များကို ယခုထက်ပိုပြီး ကူညီစောင့်ရှောက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ Akemi Chan Fund ၊ National Cerebral and Cardiovascular Center၊ Tokyo Women Medical University (Prof. Sugiyama) နှင့် International Medical Volunteer JAPAN HEART (NGO) တို့အား တာဝန်ရှိသူများက  ပေးအပ်ကြသည်။  Akemi Chan Fund ဥက္ကဋ္ဌ  Prof. Nakanishi က ကျေးဇူးတင်စကား ပြောကြားကာ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြေကြာင်း သိရသည်။

"၂၀၁၅ ခုနှစ်က ၅နှစ် စီမံကိန်းအဖြစ် စတင်ခဲ့ကြတာပါ။ ၅ နှစ်အတွင်းမှာ ဂျပန်နိုင်ငံက ကျွမ်းကျင် နုလုံးအထူးကုဆရာဝန်ကြီးများ၊ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများ အဖွဲ့က တစ်နှစ် ၂ကြိမ်ခန့်နဲ့ ယခုဆို ၁၀ ကြိမ်မြောက်အဖြစ် မြန်မာ ဆရာဝန်ကြီးများနဲ့ ပူးပေါင်း ကုသပေးခဲ့ကြတာပါ။ ဂျပန်နိုင်ငံဘက်က မြန်မာဆရာဝန်များကို ဖိတ်ခေါ်ပြီး လိုအပ်တဲ့ နည်းပညာတွေ၊ သင်တန်းတွေ ခေါ်ယူလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ အနာဂတ်မှာလည်း ပိုမိုပြီး ပူးပေါင်းဆောင်ရွက် နိုင်ပါစေကြာင်း ဆုမွန်တောင်းပါတယ် ဟု ရန်ကင်းကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင် က ပြောသည်။

Akemi Chan Fund သည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် အခြေစိုက်ပြီး မွေးရာပါ နှလုံးရောဂါဝေဒနါရှင်ကလေးများအား ကူညီကုသပေးရန် Sankei Shimbun သတင်းစာက တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ ဂျပန်၊ မြန်မာ၊ မွန်ဂိုလီးယားနိုင်ငံများမှ ကလေးငယ်များအား ကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံမှ ကလေး ၃၄၈ ဦးအား ကုသပေးပြီး ဖြစ်ကြောင်း သိရသည်။

ကိုစိုး