ဂျီဆူးနဲ့ ဂျန်ဟယ်အင်တို့ရဲ့ ရုပ်ရှင်သစ် စတင်ပြသမယ့်ရက်ကြေညာ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Black Pink ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဂျီဆူးနဲ့ မင်းသား ဂျန်ဟယ်အင်တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲရုပ်ရှင် Snowdrop စတင်ပြသမယ့်ရက်ကို လတ်တလောမှာ ကြေညာခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၉ ရက်မှာ အဆိုပါရုပ်ရှင်သစ်အတွက် ပိုစတာဓာတ်ပုံတစ်ပုံကို ထုတ်ဖော်ပြသခဲ့ပြီး အဆိုပါ ဓာတ်ပုံနဲ့အတူ ရုပ်ရှင်စတင်ထုတ်လွှင့်မယ့်ရက်ကိုလည်း အသိပေးခဲ့ပါတယ်။ ယင်းဇာတ်လမ်းတွဲကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်မှာ  စတင်ထုတ်လွှင့်မှာပါ။

JTBC ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်မယ့် အဆိုပါဇာတ်လမ်းတွဲရုပ်ရှင်ဟာ ၁၉၈၇ ခုနှစ်ကာလက ဆိုးလ်မှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာဖြစ်ပါတယ်။

အေးပြည့်