ဂျာမနီနိုင်ငံမှ စီးပွားရေးကျွမ်းကျင် ပညာရှင်များကို မန္တလေးတိုင်း ဒေသကြီးရှိ လုပ်ငန်းပေါင်း၂၀ ကျော်က ခေါ်ယူထား

မန္တလေး ၁၆ စက်တင်ဘာ 

 

ဂျာမနီနိုင်ငံမှ စီးပွားရေးကျွမ်းကျင်ပညာရှင်များကို ၂၀၁၈ ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ လုပ်ငန်းပေါင်း၂၀ ကျော်က ခေါ်ယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)မှ သိရသည်။

 

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး၌ MRCCI နှင့် ဂျာမနီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းတို့ ပူးပေါင်းလုပ်ဆောင်သည့် SES -Senior Experten Service အဖွဲ့မှ စီးပွားရေး လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခက်အခဲများ နှင့်စပ်လျဉ်း၍ ဂျာမနီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များဖြင့် အခမဲ့ကူညီဆောင်ရွက်ပေးနေပြီး လက်ရှိတွင် ပညာရှင်ခေါ်ယူ သည့်လုပ်ငန်း ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

 

" လုပ်ငန်းတွေအတွက် လိုအပ်တဲ့ပညာရှင်တွေကို အခမဲ့ခေါ်ယူပေးနေတာပါ။ ခေါ်ယူတဲ့လုပ်ငန်းတွေ ထဲမှာတော့ စားသောက်ကုန်လုပ်ငန်းက အများ ဆုံးပါပဲ။ SME လုပ်ငန်းတွေအနေနဲ့ စီးပွားရေးလုပ်ငန်း Sector အစုံ၊ ကဏ္ဍအစုံအတွက် ကျွမ်းကျင်ပညာ ရှင်တွေရှိတယ်။ လိုအပ်ရင် ဆက်သွယ်ခေါ်ယူနိုင်ပါတယ် " ဟု အဆို ပါအသင်း အလုပ်အမှုဆောင် ကိုကျော်စိုးနိုင်က ပြောသည်။

 

SES -Senior Experten Service အဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်က လုပ်ငန်းပေါင်း၂၀နှင့် လက်ရှိ ယခုနှစ်အတွင်း လုပ်ငန်းခြောက်ခုထိ နည်းပညာနှင့် အကြံဉာဏ်များကို အခမဲ့ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ 

 

သူရိန်လင်း