Frozen 2 ဇာတ်ကားရဲ့ ဒုတိယမြောက် နမူနာထွက်ရှိ

ဒစ္စနေးလ် ရုပ်ရှင်ကုမ္ပဏီကနေပြီး Frozen 2 ဇာတ်ကားရဲ့ ဒုတိယမြောက်နမူနာကို ပြသခဲ့ပါတယ်။ ပြသခဲ့တဲ့အပိုင်းမှာတော့ နှင်းခဲနေတဲ့ရေခဲပြင်တွေ၊ စွန့်စားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုအချိန်မှာတော့ အန်နာ၊ ဘုရင်မ အယ်လ်ဆာ၊ ခရစ်စတော့နဲ့ အိုလက်ဖ်တို့ဟာ ဘုရင်မအယ်လ်ဆာ စွမ်းအားတွေပြန်ရဖို့ ပြန်လည်ရှာဖွေမှုတွေ ပြုလုပ်ရမယ့်အချိန်ပါပဲ။

မကောင်းဆိုးဝါးတွေလက်က တိုင်းပြည်ကို ပြန်ရဖို့အတွက် ဘုရင်မ အယ်လ်ဆာ တစ်ယောက် စွမ်းအင်တွေ ပြန်ရဖို့လိုပါတယ်။ စွမ်းအင်တွေ ပြန်ရှာဖွေတဲ့ခရီးစဉ်မှာတော့ ထူးဆန်းတဲ့ မုန်တိုင်းတွေ၊ သမုဒ္ဒရာလှိုင်းလုံးတွေနဲ့ မကောင်းဆိုးဝါးတွေက အဓိကဇာတ်ကောင်တွေကို ခြိမ်းခြောက်ဒုက္ခပေးကြတာကို ကြည့်ရှုရမှာပါ။ Frozen  ဇာတ်ကားကို ၂၀၁၃ ခုနှစ်မှာ ပြသခဲ့ကာ အဲဒီဇာတ်ကားဟာ လူကြိုက်များလွန်းပြီး အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ပရိသတ်တွေဟာ Frozen 2 ကို ကြည့်ရှုဖို့ စောင့်ဆိုင်းရတာ စိတ်မရှည်နိုင်အောင် ဖြစ်ရပါတယ်။ ၂၀၁၃ ခုနှစ်က ပြသခဲ့တဲ့ Frozen  ဇာတ်ကားဟာ တစ်မ္ဘာလုံးအနှံ့ ပြသမှုကနေ ဝင်ငွေ ၁ ဒသမ ၂၇ ဘီလီယံကျော် ရရှိခဲ့ပါတယ်။ Frozen 2 ရဲ့ ပထမဆုံးဇာတ်လမ်းနမူနာကို ဇွန်လအတွင်းက ပြသခဲ့တာဖြစ်ပြီး အခုပြသတဲ့နမူနာမှာတော့ အရင်ထက်ပိုပြီး ဇာတ်လမ်းအကြောင်းကို ပိုသိလာရပါတယ်။ ပရိသတ်တွေ မျှော်လင့်စောင့်စားနေရတဲ့ Frozen 2 ကို နိုဝင်ဘာ ၂၂ ရက်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

စီအင်န်အင်န်