FIPRESCI Prize ဆုရ GOODBYE DRAGON INN ရုပ်ရှင်ဇာတ်ကားကို လေ့လာမှုအစီအစဉ် ပြုလုပ်မည်

ရန်ကုန်  ၂  ဇန်နဝါရီ

 

ဒါရိုက်တာ “Tsai Ming-Liang” ၏ လက်ရာကောင်း တစ်ခုဖြစ်သော “GOODBYE DRAGON INN” ရုပ်ရှင်ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၅ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ် (၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှု၍ ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှု အစီအစဉ်ပြုလုပ်မည် ဖြစ်သည်။

 

ယင်းအစီအစဉ်ကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၃၃)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းမှ ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

 

အဆိုပါဇာတ်ကားသည် Drama Film အမျိုးအစားဖြစ်ပြီး အကြိမ် (၆၀) မြောက် Venice  International Film festival တွင် FIPRESCI Prize ဆုကိုရရှိခဲ့ကြောင်း၊ Sight and Sound Director’s Poll မှ ၂၀၁၂ ခုနှစ်တွင် ရွေးချယ်ခဲ့သည့် အကောင်းဆုံးရုပ်ရှင်ဇာတ်ကား (၁၀)ကား စာရင်းတွင်လည်း ပါဝင်ခဲ့ကြောင်း၊ ဇာတ်လမ်းအကျဉ်းမှာ ရုပ်ရှင်ရုံတစ်ရုံတွင် ရုပ်ရှင်ပြစက်ကိုင် အလုပ်သမား လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဉီးတို့ ရှိနေပြီး မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၎င်းရုပ်ရှင်ရုံအတွင်းသို့ ဂျပန်ခရီးသွားတစ်ဦး ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းအချိန်တွင် ရုပ်ရှင်သရုပ်ဆောင်ဟောင်း နှစ်ယောက်လည်း ရုပ်ရှင်ရုံထဲတွင် ရှိနေကြပြီး ရုပ်ရှင်ခေတ်ဟောင်းကို တမ်းတနေကြောင်း၊ သို့ရာတွင် ရုပ်ရှင်ရုံအတွင်းရှိ ပရိသတ်များသည် မေတ္တာတရားဖြင့် ဖြေသိမ့်နိုင်ကြပုံကို အနုပညာမြောက်စွာ ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်လမ်းကောင်း တစ်ခုဖြစ်ကြောင်း သိရသည်။

 

သိန်းထိုက်သူ(FDC)