Fantastic Beasts 3 ရုပ်ရှင်ကားတွင် ဂျော်နီဒပ် နေရာ၌အစားထိုးခံရခြင်းမှာ အံ့အားသင့်ဖွယ်ဖြစ်ရပ်ဟု မတ်မစ်ကယ်ဆန် ပြော

  ဒီဇင်ဘာ

မကြာခင်မှာရိုက်ကူးတော့မယ့် Fantastic Beasts3 ရုပ်ရှင်ကားမှာ မင်းသားဂျော်နီဒပ်ရဲ့ နေရာအတွက် အစားထိုးခံရခြင်းဟာ လုံးဝကိုအံ့အားသင့်ဖွယ် ဖြစ်ရပ်လို့ ဒိန်းမတ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မတ်မစ်ကယ်ဆန်က ပြောပါတယ်။

Fantastic Beasts 3 ရုပ်ရှင်ကားမှာ ဂရင်းဒီဝေါလ်အဖြစ် သရုပ်ဆောင်ဖို့ မတ်မစ်ကယ်ဆန်ကို ရွေးချယ်လိုက်ကြောင်း အတည်ပြုခဲ့တာကတော့ နိုဝင်ဘာလအတွင်းကတည်းကပါ။ အရင်ဇာတ်ကားတွေမှာ ဂျော်နီဒပ်က ဂရင်းဒီဝေါလ်အဖြစ် သရုပ်ဆောင်ခဲ့ပေမယ့် ဇနီးဟောင်းရဲ့ တရားစွဲဆိုမှုမှာ ရှုံးနိမ့်သွားတဲ့ အခါမှာတော့ ဂျော်နီဒပ်ကို ဒီဇာတ်လမ်းကနေ နုတ်ထွက်သွားဖို့ ဖိအားပေးခံရတယ်လို့ သည်ဆန်းသတင်းစာမှာ ဖော်ပြထားပါတယ်။

မစ်ကယ်ဆန်ဟာ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး အမေရိကန်ရုပ်သံစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ဂျိမ်းစဘွန်း ရုပ်ရှင်ကားမှာလည်း ဗီလိန်ဇာတ်ကောင်နေရာကနေ ပါဝင်ခဲ့ဖူးပါတယ်။ Fantastic Beasts ရုပ်ရှင် နှစ်ကား စလုံးမှာ ဂျော်နီဒပ်ပါဝင်ခဲ့ပြီး Fantastic Beasts 3 မှာတော့ မစ်ကယ်ဆန်ကို ဂရင်းဒီဝေါလ်အဖြစ် တွေ့မြင်ရတော့မှာပါ။ Fantastic Beasts 3 ရုပ်ရှင်ကားဟာ ကိုဗစ်-၁၉ ရောဂါနဲ့ မင်းသားဂျော်နီဒပ်ရဲ့ အမှုရင်ဆိုင်နေရတဲ့ဖြစ်ရပ်တွေကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ရုံတင်ပြသနိုင် လိမ့်မယ်လို့ သိရပါတယ်။

စကိုင်းနယူး