ဧရာဝတီတံတား(စစ်ကိုင်းတံတား)ပေါ်မှ လူတစ်ဦးခုန်ချမှု ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေနေ

မန္တလေး ၁၁ သြဂုတ်

 

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတားပေါ်မှ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က လူတစ်ဦး ရေထဲခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ခုန်ချသွားသူမှာ လတ်တလောသတင်းအရ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်မှ အသက် (၃၉)နှစ်အရွယ် အမျိုးသားတစ်ဦးဟု သိရပြီး အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ အရက်အလွန်အကျွံသောက်ကာ အရက်ကြောင်နေသူတစ်ဦးဟု သိရကြောင်း ဒုရဲအုပ် ချမ်းသာက ပြောသည်။

 

မြင်လိုက်တဲ့သူတွေရှိတယ်။ အခုလက်ရှိတော့ ခုန်ချသူကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းရှာဖွေနေဆဲပါ ဟု ဒုရဲအုပ် ချမ်းသာက ပြောသည်။

 

ယခုသတင်းရေးသားနေချိန် ညနေ ၄ နာရီအထိ ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

 

အင်း၀တံတားနှင့် ရတနာပုံတံတားပေါ်မှ ခုန်ချသက်သေမှုများ ရှိလာသောကြောင့် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ အဆိုပါတံတားနှစ်စင်းတွင် လှည့်ကင်း၊ ပတ်ကင်းများချ၍ စောင့်ကြည့်နေရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းကလည်း အင်းဝတံတား(စစ်ကိုင်း)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု ငါးကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုနှစ် ၂၀၂၀ အတွင်း ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ ခုန်ချသေဆုံးမှု တစ်ကြိမ်၊ အင်း၀တံတားပေါ်မှ အမွှာညီအမနှစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းထံမှ သိရသည်။

 

ဖြိုးအိ