ဧရာဝတီနှင့် ရှမ်းယူနိုက်တက် အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျ

၂၈ ဧပြီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်  (၉) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရတနာပုံအသင်းနှင့် ရန်ကုန်အသင်း နိုင်ပွဲဆက်ခဲ့ပြီး ရှမ်းနှင့် ဧရာဝတီအသင်း သရေကျခဲ့သည်။

 

ပုသိမ်ကွင်း၌ ကျင်းပသောပွဲတွင် ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။ ဧရာဝတီအသင်းသည် ယခုပွဲတွင် ဦးဆောင်ဂိုးနှစ်ကြိမ်တိုင်ရခဲ့သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်၍ သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ပွဲ ထပ်မံပျောက်ဆုံး ခဲ့သော်လည်း ယခုရာသီ ရှုံးပွဲမရှိမှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့သည်။

 

အဓိက ကစားသမားများဖြစ်သည့် အီဖာ၊ ဆာဆက်နှင့် နန်းထိုက်ဇော်တို့ မပါနိုင်သည့် ဧရာဝတီအသင်းသည် မာတူနာ၊ သီဟဇော်၊ အောင်ကျော်နိုင်၊ ကျော်ဇင်ဖြိုးတို့ဖြင့် ပွဲထွက်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းမှာလည်း တိုက်စစ်တွင် ဒွေးကိုကိုချစ်ကို ပြန်လည်အသုံးပြုကာ ကစားသမားအစုံအလင်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။ နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့သောကြောင့် ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး ၂၇ မိနစ်တွင် အသင်းခေါင်းဆာင် သီဟဇော်က ဧရာဝတီအတွက် ဂိုးစတင်သွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဂိုးပေးလိုက်ရသောကြောင့် ဂိုးပြန်ရရန် ကြိုးပမ်းခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် ဂူစတာဗိုက ပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းအစတွင် မာတူနာက ဧရာဝတီအတွက် ဒုတိယအကြိမ် ဦးဆောင်ဂိုးသွင်းသော်လည်း အိမ်ကွင်း၌ အနိုင်ရလဒ်ကို မထိန်းထားနိုင်ခဲ့ပေ။ ရှမ်းယူနိုက်တက်အသင်းသည် နောက်မှလိုက်ကစားကာ ၆၇ မိနစ်တွင် ဒွေးကိုကိုချစ်က ဂိုးပြန်သွင်းခဲ့သည်။   

 

မော်လမြိုင်ကွင်း၌ ကျင်းပသောပွဲတွင် ရတနာပုံအသင်းက Southern အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ခဲ့သည်။ ရတနာပုံအသင်းသည် အဝေးကွင်း၌ အဖိုးတန်နိုင်ပွဲရယူကာ ထိပ်ဆုံးနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် ဂိုးများကို ၁၈ မိနစ်တွင် မြတ်ကောင်းခန့်၊ ၂၈ မိနစ်တွင် ဘီဘီနှင့် ၇၈ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဝင်းနိုင်စိုးတို့က သွင်းယူခဲ့သည်။ Southern အတွက် ချေပဂိုးကို ၂၆ မိနစ်တွင် ရန်ကျော်ထွေးက သွင်းယူခဲ့ပြီး ယခုရာသီ ပထမဆုံးအိမ်ကွင်းရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ဒဂုံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ဆယ်လာ တစ်ဦးတည်းက ၅၅၊ ၈၈ မိနစ်တွင် သွင်းယူခဲ့သည်။

 

ပွဲစဉ် (၉) အပြီးတွင် ရတနာပုံအသင်းက ၂၀ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၁၉ မှတ်၊ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းက ၁၇ မှတ်စီ၊ ဧရာဝတီအသင်းက ၁၆ မှတ်၊ စစ်ကိုင်းအသင်းက ၁၅ မှတ်၊ ရခိုင်အသင်းက ၁၂ မှတ်၊ ဇွဲကပင်အသင်းက ကိုးမှတ်၊ မကွေးနှင့် Southern အသင်းက ခုနစ်မှတ်စီ၊ ဒဂုံအသင်းက ခြောက်မှတ်၊ Chinland အသင်းက နှစ်မှတ်ရထားသည်။

 

သတင်း-ရဲရင့်ရှိုင်း