ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ ၁၃ ဇူလိုင်      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ထူးကျေးရွာမှ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု(၉)စုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။ 

ထိုသို့ပေးအပ်ရာတွင် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။ 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ထောင်စု(၉)စုအတွက် အိမ်ထောင်စု တစ်စုလျှင် လူနေအိမ် ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၉၀၀၀၀၀ ၊ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် ၄၅ ဦးအတွက် တစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၉၄၅၀၀  စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၉၄၅၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)