Elite Tour 2020 8 Ball ပြိုင်ပွဲတွင် မြန်မာကစားသမား ဘုန်းမြင့်ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

၂၆ ဇွန်

 

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ (ခ) မောင်မောင်သည် တရုတ်နိုင်ငံ ၌ ကျင်းပမည့် Elite Tour 2020 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဇွန်လမှ နိုဝင်ဘာလအထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်မတိုင်မီ ပြိုင်ပွဲလေးခု ကျင်းပကာ ပြိုင်ပွဲတစ်ခုစီမှ အဆင့်သတ်မှတ်ချက်မြင့်မားသူများမှာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

 

ဘုန်းမြင့်ကျော် ဝင်ရောက်ယှဉ်ပြိုင်မည့် ဇုန်ပြိုင်ပွဲကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အခြားဇုန်ပြိုင်ပွဲများကိုမူ ဇူလိုင် ၂၅ ရက်မှ ၂၉ ရက်၊ သြဂုတ် ၂၅ ရက်မှ ၂၉ ရက်၊ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ဇုန်အလိုက်ပြိုင်ပွဲများတွင် ချန်ပီယံဆုရရှိသူမှာ မြန်မာငွေကျပ်သိန်း ၂၀၀ နှင့် ညီမျှသည့် တရုတ်ယွမ်ငွေရရှိမည်ဖြစ်သည်။

 

ဘုန်းမြင့်ကျော်သည် ဇူလိုင်လလယ်တွင် ယှဉ်ပြိုင်ရမည့် Chinese 8 Ball ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်ဝင်ရောက်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့်အုပ်စုပွဲများမှာ ဇွန် ၂၁ ရက်က ပြီးဆုံးခဲ့ပြီး ၎င်းသည် ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၄၁၈၀၀ မှတ်ဖြင့် အုပ်စုပထမရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။  အုပ်စုပွဲစဉ်များအပြီးတွင် ဘုန်းမြင့်ကျော်က ရမှတ် ၄၁၈၀၀ မှတ်ဖြင့်အုပ်စုပထမ၊ ယူဟိုင်ထောင်က ရမှတ် ၃၉၉၀၀ မှတ်ဖြင့် အုပ်စုဒုတိယ၊ ကျန်ယူဘိုက ရမှတ် ၃၇၅၀၀ မှတ်ဖြင့် အုပ်စုတတိယရရှိကာ ဆီမီးဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်ခဲ့သည်။ချူဘင်ဂျီက ရမှတ် ၃၅၆၀၀ မှတ်ဖြင့် အဆင့် (၄)၊ လီဟိုင်ထောင်က ရမှတ် ၂၆၈၀၀ မှတ်ဖြင့် အဆင့် (၅) နေရာရကာ Play-off အဆင့် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ Play-off အဆင့်တွင်ပြင်ပမှ နှစ်ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ယင်းနှစ်နေရာအတွက် ကစားသမားခြောက်ဦးအား ပဏာမအဆင့်ရွေးချယ်ထားပြီး ပရိသတ်များ၏ မဲဆန္ဒဖြင့် ရွေးချယ်ကာ အများဆုံးရရှိသူနှစ်ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်တွင် Play-off အဆင့်မှ အနိုင်ရသူနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်