EIM Myanmar National Technical Committee လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်

ရန်ကုန် ၁၄ ဇန်နဝါရီ 

EIM Myanmar National Technical Committee လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၌ ကျင်းပသည်။

ရှေးဦးစွာ EIM Myanmar National Technical  Committee  ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဝန်ကြီးဌာနအနေဖြင့် Global Center for EIM တွင် တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်မြောက်ရေး အတည်ပြုနိုင်ရန် American College of Sports Medicine (ACSN) မှ EIM Programme  Officer Mr. Mark Stou Temberg နှင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့်အတွက်  EIM Myanmar Logo ထွက်ပေါ်လာပြီဖြစ်ပါကြောင်း၊ လာမည့် ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပမည့် Sport Science and Medicine Seminar တွင် အတည်ပြု ကြေညာသွားမှာဖြစ်ကြောင်း၊ EIM နှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ ပါဝင်ဖွဲ့စည်းပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များလည်း ပေါ်ထွက်လာမှာ ဖြစ်ပါကြောင်း၊ Sports Science and Medicine  Seminar မှနေ၍ နိုင်ငံနှင့် ပြည်သူများကို မြန်မာ့အားကစားလောက ကျဆင်းရခြင်းမှာ ခေတ်နှင့်အညီ နိုင်ငံတကာနှင့် ယှဉ်၍ အားကစားနှင့် အာဟာရ၊ အားကစားနှင့် ဆေးပညာ၊ အားကစားသိပ္ပံပညာ၊ အားကစားဥပဒေများ  လုပ်ဆောင်ရန် လိုအပ်နေသည်ကို မီးမှောင်းထိုးပြလိုပါကြောင်း၊ အဆိုပါ Seminar တွင် အာရှနှင့် အရှေ့တောင်အာရှ Sport Medicine ကော်မတီမှ ဥက္ကဋ္ဌများကိုလည်း ဖိတ်ကြားထားပါကြောင်း၊ ပို့ချမည့်သူများမှာ နိုင်ငံတကာတွင် အားကစားနှင့် ပတ်သက်၍ အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်(၁၄)ဦးမှ ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း Sport Medicine နှင့် ပတ်သက်၍ ဒီပလိုမာနှင့် ဂုဏ်ထူးတန်းအဆင့်အထိ ဘွဲ့ချီးမြှင့်နိုင်ရေးကို ဆောင်ရွက်ရန် ရည်ရွယ်ထားပါကြောင်း၊ ဆေးရုံတိုင်းတွင် EIM ဆရာဝန်များ ထွက်ပေါ်လာပြီး အားကစား ဆေးပညာဌာနခွဲများရှိသည်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါကြောင်း၊ မြန်မာနိုင်ငံရှိ အကျဉ်းစခန်းများတွင်လည်း EIM အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အကျဉ်းစခန်းပေါင်းစုံ  Fitness Dance ပြိုင်ပွဲများ ပြုလုပ်သွားရန် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ထားပါကြောင်း  ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျွမ်းကျင်သူ EIM Myanmar National Technical  Committee  အတွင်းရေးမှူး  ဒေါက်တာရဲတင့်လွင်က EIM Myanmar National  Center နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် အတည်ပြုနိုင်ရေး (Exercise Is Medicine) Health Initiatives Strategic Plan ကို ချပြဆွေးနွေး၍ လည်းကောင်း၊ EIM MOU လက်မှတ်ထိုးနိုင်ရေး ကိစ္စရပ်များအားလည်းကောင်း၊ (EIM Myanmar NationalCenter)၏ ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊  Projector ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြမှုများကို  EIM Myanmar National Technical Committee အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

သတင်းစဉ်