ဒုတိယဝန်ကြီး ဦးမင်းထိန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၁၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၌ အဆောက်အဦဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

           

အဆိုပါ အဆောက်အဦသည် မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိပြီး (ပေ၂၄၀ x ၂၄၀) RC  (၃)ထပ် အဆောက်အဦ အမျိုးအစားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး လုပ်ငန်းများအားလုံး (၈၀ ရာခိုင်နှုန်း) ပြီးစီးကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ဦးစီးဌာန(၅)ခုမှ အရာထမ်းများနှင့် တွေ့ဆုံသည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် တည်ဆောက်လျက်ရှိသော မင်္ဂလာရန်ကင်း ပြည်သူ့ အငှားအိမ်ရာစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ကြည့်ရှုစစ်ဆေးသည်။    

 

ထို့နောက် Oriental Highway Company Limitedမှ B.O.T စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသည့် မန္တလေး-ပြင်ဦးလွင်-ဝက်ဝံ-နောင်ချိုလမ်းပိုင်း (၁၆)မိုင်တိုလ်းဂိတ် ရှင်းလင်းဆောင်၌ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက  မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်း ၊ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း၊ မူဆယ်- နမ့်ခမ်းလမ်းနှင့်  ရေတာရှည်-ပျဉ်းမနား - ရမည်းသင်း လမ်းပိုင်းများ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက စံချိန်စံညွှန်းအတိုင်း ပြည့်မီအောင် ဆက်လက်ဆောင်ရွက်သွားရန်၊ လမ်းဘေးဝဲ/ယာ လမ်းနယ်နမိတ် အစပ်တွင် သစ်ပင်များစိုက်ပျိုးပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လမ်းပိုင်းအလိုက် အရည် အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သော်တာဝင်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-တောင်ငူ- မိတ္ထီလာ-မန္တလေးလမ်းမကြီးနှင့် ယုဇနဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်မှ B.O.T စနစ်ဖြင့်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-ပဲခူး- တောင်ငူ- မိတ္ထီလာ-မန္တလေးလမ်းမကြီး (ရမည်းသင်း-မိတ္ထီလာ လမ်းအပိုင်း)လမ်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းအင်္ဂါရပ်များနှင့်အညီ ဆောင်ရွက်ထားရန်၊ ဝန်ကြီး ဌာနမှ  သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီအောင်  ဆောင်ရွက်ရန် မှာကြားသည်။

(သတင်းစဉ်)