ဒုတိယဝန်ကြီး ဦးအောင်ထူး နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မျှတစွာ ရောင်းချနိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော်  ၆  ဇူလိုင်

 

နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မျှတစွာ ရောင်းချနိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်အဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်ထူး က နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ပြည်သူများသို့ စားနပ်ရိက္ခာ ဖြန့်ဝေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူထားသည့် အရေးပေါ် ရိက္ခာဆန်များကို တိုင်းဒေသကြီး/ပြည်နယ်များသို့ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် မျှတစွာ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားပြီး တက်ရောက်လာသော အသင်းအဖွဲ့ဥက္ကဋ္ဌများက အရေးပေါ် ရိက္ခာဆန်များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေရန်လျာထားသည့် ဆန်အိတ်အရေအတွက်၊ ရောင်းချမည့် ဆန်ဈေးနှုန်းများနှင့် ဆန်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်