ဒုတိယဝန်ကြီး ဦးအောင်လှထွန်း The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

 

ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက The Global New Light of Myanmar သတင်းစာသည် နိုင်ငံတော်၏ အာဘော်ကို ထင်ဟပ်သည့်  တစ်ခုတည်းသော အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာဖြစ်ကြောင်း၊ သို့သော် တစ်ဖက်သတ် ဝါဒဖြန့်ခြင်းမျိုး မဟုတ်ဘဲ  သတင်းစာဖတ်ပရိသတ်အားလုံး ဖတ်ရကျိုးနပ်စေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် သတင်းစာအရည်အသွေး ဘက်စုံ ပြည့်မီတိုးတက်ကောင်းမွန်ရေး ကြိုးပမ်း အားထုတ် ဆောင်ရွက်သွားကြစေလိုကြောင်း  ပြောကြားသည်။

 

ထို့နောက် သတင်းစာတိုက်မှ တာဝန်ရှိသူများ၊ စာတည်းအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက လက်ရှိသတင်းစာလုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြိး သတင်းစာတိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

(သတင်းစဉ်)