ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကရင်ပြည်နယ် မြဝတီမြို့ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁၁  နိုဝင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့်အတူ ကရင်ပြည်နယ် မြဝတီမြို့ရှိ ရေနံဓာတ်ငွေ့ရည် (LPG)ကိုတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကပြည်တွင်းကုမ္ပဏီများ၏ ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးရာတွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် အရောင်းဆိုင်တာဝန်ခံများက ရေနံဓာတ်ငွေ့ရည် (LPG) တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရေနံဓာတ်ငွေ့ရည် (LPG) ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သုံးစွဲသူပြည်သူများ လုံခြုံစိတ်ချစွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် အသိပညာပေးမှုများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အရည်အသွေးအခြင်အတွယ် မှန်ကန်ရေးနှင့် ရေနံ ဓာတ်ငွေ့ရည် (LPG) ကိုသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း မှာကြားပြီး ရေနံဓာတ်ငွေ့ရည် (LPG) အရောင်းဆိုင်များအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ကရင်ပြည်နယ် မြဝတီနယ်စပ်ဒေသရှိ ရေနံဓာတ်ငွေ့ရည် (LPG) လုပ်ငန်းရှင်များအသင်းသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပြဋ္ဌာန်းထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြည်တွင်းသို့ တစ်လလျှင်ရေနံဓာတ်ငွေ့ရည် (LPG) တန် ၂၀ဝ၀ ခန့်ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိသည်။ နိုင်ငံအတွင်း ရေနံဓာတ်ငွေ့ရည် (LPG) ကို ကျယ်ပြန့်စွာသုံးစွဲခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ထင်း၊ မီးသွေး နေရာတွင်လည်း အစားထိုးသုံးစွဲနိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း လျှော့ချစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)