ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်းအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၂၃   ဖေဖော်ဝါရီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ်မည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိရာ ရန်ကုန်မြို့ဘက်ခြမ်းရှိ စီမံကိန်း ရှင်းလင်းဆောင်တွင် တံတားဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးကျော်ကောင်းချိုနှင့် Contractor ကုမ္ပဏီဖြစ်သော GS Engineering & Construction Corporation မှ Project Director Mr.YunHo CHO တို့က တံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြီးစီးမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြကာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မတံတား တည်ဆောက်ရေး လုပ်ငန်းများဖြစ်သော Pylon အမှတ်(၁)နှင့် အမှတ်(၂)၏ Bored Pile တူးရန်အတွက် Working Platform များ ပြုလုပ်နေမှု အခြေအနေများနှင့်  ယာယီတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒလဘက်ကမ်းသို့ ရေယာဉ်ဖြင့် သွားရောက်၍ ပင်မတံတား တည်ဆောက်ရေးလုပ်ငန်းများ၊ Batching Plant နှင့် Casting Yard ဆောင်ရွက်ထားမှု၊ ဒလတံတား ချဉ်းကပ်တံတားအတွက် ဘိုးပိုင်တူးခြင်းလုပ်ငန်းများ၊ ပိုင်ထိပ်အုပ် လုပ်ငန်းအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးက Contractor ကုမ္ပဏီနှင့် Sub-Contractor ကုမ္ပဏီများမှ လုပ်ငန်းများဆောင်ရွက်  ရာတွင် အရည်အသွေး ပြည့်မီကောင်းမွန် စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးစသည့် အချက်များကို အဓိကထား ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် (၁၈၆၇)မီတာ၊ အကျယ် (၂၆ ဒသမ ၅)မီတာ၊ (၄)လမ်းသွား ဖြစ်ပြီး Bored  Pile အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ကာ တံတား၏ ခံနိုင်ဝန်မှာ( ၇၅ )တန် ဖြစ်သည်။

 

ဒလတံတား တည်ဆောက်ရေးစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံဘက်မှချေးငွေ အမေရိကန်‌ ဒေါ်လာ(၁၅၇ ဒသမ ၈၃)သန်း၊ မြန်မာဘက်က ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀ ဒသမ ၃၄)သန်း စုစုပေါင်း (၁၈၈ ဒသမ ၁၇)သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်၊ မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၇ ရာခိုင်နှုန်း) ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)