ဒုတိယဝန်ကြီး၊ ဒေါက်တာကျော်လင်း မင်းကင်းမြို့နယ်အတွင်းရှိ ယုံသာ-မောက္ကတော် ပျဉ်းကိုင်းလမ်း၊ ကနီ-မင်းကင်း-တောင်တွင်းချောင်လမ်းနှင့် အဆိုပါလမ်းပေါ်ရှိ ပုထိုးလုံးတံတား တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၅ ဇူလိုင်

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ယုံသာ-မောက္ကတော်- ပျဉ်းကိုင်းလမ်းအား အမာခံလမ်းခင်းခြင်းနှင့် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား လမ်းတစ်လျှာက် ကြည့်ရှုစစ်ဆေးရာ မိုင်၂၂/၀ အနီး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ကျွန်းတောကျေးရွာလမ်း ဖြစ်မြှောက်ရေး ကော်မတီက လိုအပ်ချက်များ ရှင်းလင်းတင်ပြသည်။

 

ကော်မတီ၏ တင်ပြချက်အပေါ် ဒုတိယဝန်ကြီး ကယုံသာ-မောက္ကတော်အပိုင်း (၁၆) မိုင်မှာ အမာခံလမ်း ပြီးစီးနေပြီး မောက္ကတော် - ပျဉ်းကိုင်းမိုင် (၂၀) မှာ မြေသားအဆင့်ဖြစ်ကြောင်း အချို့အပိုင်းများတွင် ယာဉ်သွားလာမှု အဆင်ပြေစေရန်လိုအပ်သော ရေထုတ်ပြွန်နှင့် တံတားငယ်များ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယုံသာ - မောက္ကတော် - ပျဉ်းကိုင်းလမ်းသည် (၃၆) မိုင်ရှိပြီး အမာခံနှင့် မြေသားလမ်းအသစ် ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်ရာ ယခုအခါ ကျေးရွာ (၂၆) ရွာ အိမ်ခြေ (၃၄၄၃) အိမ်နှင့် လူဉီး‌ရေ (၁၇၉၃၃) ဉီးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကနီ - မင်းကင်း - တောင်တွင်းချောင်လမ်း၊ မင်းကင်းမြို့အနီးရှိ ပုထိုးလုံး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားတည်ဆောက်ရေး အဖွဲ့ (၃) မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဉီးဌေးအောင်က တံတားစီမံကိန်း လျာထားချက်နှင့် ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ၎င်းနောက် ဒုတိယဝန်ကြီးက တံတားလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။

 

ပုထိုးလုံးတံတားသည် အရှည်ပေ (၇၀၀)၊ (၂၄) ပေအကျယ် (၂) လမ်းသွား သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး ယခုအခါ တံတား (၁) စင်းလုံး (၉၅) ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကနီ - မင်းကင်း - တောင်တွင်းချောင် လမ်းအပိုင်း (၃၈/၀ - ၅၉/၀) အတွင်း (၂၁) မိုင်အား မြေသားလမ်းနှင့် အမာခံလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများကို လမ်းကြောင်း တစ်လျှောက် မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်